<

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရ

မြေစာပုံပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံး၊ ဒဏ်ရာရသူများအား ရှာဖွေနေစဉ် (ဓာတ်ပုံ-ဥမာရှိန်ရန်)

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ဇန်န၀ါရီ ၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်မောင်းဘွမ်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံအဟောင်းတစ်ခုတွင် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမြေစာပုံမှာ ယမန်နှစ်များက ဂျိတ်လင်းကုမ္ပဏီမှ စွန့်ပစ်ထားသော မြေစာပုံအဟောင်းတစ်ခုဖြစ်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းရာမှ မြေစာပုံအတွင်း ရေစိမ့်ဝင်မှုဖြစ်ပွားကာ ရေမဆေးကျောက်ရှာဖွေသူများ ကျောက်ရှာဖွေနေချိန်တွင် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညနေက မြေစာပုံပြိုကျတာ ဟုတ်ပါတယ်။ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။ မော်မောင်းဘွမ်ဘက်မှာရှိတဲ့ မြေစာပုံအဟောင်းက ပြိုကျတာပါ။ အရင်နှစ်တွေက ပစ်ထားတဲ့ မြေစာပုံပါ။ ဂျိတ်လင်း ကုမ္ပဏီက ပစ်ထားတာလို့သိရတယ်။ အဓိက ပြိုကျရတဲ့အကြောင်းရင်းကတော့ မိုးရွာလို့ပါ။ မိုးရွာတော့ မြေစာတွေက ပျော့လာပြီး ပြိုကျမှုဖြစ်ပွားတာပါ။ မြေစာပုံရဲ့ အမြင့်ပေက ၁၅၀ လောက် ရှိပါတယ်။ ခုနစ်ယောက် ရှာနေကြတဲ့အချိန်မှာ မြေစာလေးတွေ ခဲလေးတွေက နည်းနည်းလှိမ့်ဆင်းလာတော့ တစ်ယောက်က မြေစာပြိုကျမယ့် လက္ခဏာကို သတိထားမိလိုက်တယ်။ သိတာနဲ့ ရှောင်လိုက်တာတောင် အချိန်မရလိုက်ဘူး။ ခြေထောက်ကို ထိခိုက်မိသွားတယ်။ စိုးတော့ မစိုးရိမ်ရပါဘူး။ ကျန်တဲ့ခြောက်ယောက်ကတော့ မြေပိပြီး တစ်ခါတည်း သေဆုံးသွားပါတယ်။ သူတို့အလောင်းတွေအားလုံးကို ဖော်ပြီးပါပြီ” ဟု ဖားကန့်မြို့မရဲစခန်းမှ ရဲအုပ်ဝင်းခိုင်ဦးက ပြောကြားသည်။

ဖားကန့်ဒေသတွင် ဇန်န၀ါရီ ၂ ရက်နှင့် ၃ ရက်က နှစ်ရက်ကြာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ယင်းသို့ရွာသွန်းမှုကြောင့် စွန့်ပစ်မြေစာပုံအချို့ပြိုကျခြင်း၊ ရေတိုက်စား၍ မျှောကြောင်းများ ဖြစ်ပေါ်ခြင်း၊ ကုမ္ပဏီလုပ်ငန်းခွင်လမ်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြေစာပုံပြိုကျကာ သေဆုံးမှုဖြစ်ပွားခဲ့သူများနှင့်ပတ်သက်၍ မည်သူမျှတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးဘဲ ဒဏ်ရာရရှိခဲ့သူမှာ ဖားကန့်မြို့နယ် ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

January 5, 2018














Copy Protected by Chetan's WP-Copyprotect.