ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးအတွက် UEHRD စေတနာ့ဝန်ထမ်း လူငယ်လုပ်အားပေးအစီအစဉ် စတုတ္ထအဖွဲ့ ဇန်နဝါရီ ၁၃ ရက်တွင် စတင်မည်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးအတွက် UEHRD စေတနာ့ဝန်ထမ်း လူငယ်လုပ်အားပေးအစီအစဉ် စတုတ္ထအဖွဲ့ ဇန်နဝါရီ ၁၃ ရက်တွင် စတင်မည်
Published 5 January 2018

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- UEHRD)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအစဉ် စတုတ္ထအဖွဲ့ကို  ဇန်နဝါရီ ၁၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါစတုတ္ထအဖွဲ့တွင် လိုက်ပါလိုသူများအနေဖြင့် အဆိုပြုလွှာဖြည့်၍ နီးစပ်ရာ လူမှုဝန်ထမ်းရုံးသို့ အမြန်ဆုံးလျှောက်လွှာတင်ရန် လိုအပ်ကြောင်းနှင့်အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ နိုင်ငံသားကတ် လက်ဝယ်ရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ်၊ တတိယအဖွဲ့မှ လူသားချင်း စာနာမှုထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၁ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တော  ကျေးရွာအုပ်စု၊ ကညင်တောကျေးရွာရှိ အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၁၁၇၄ ဦးအား လူသားချင်း စာနာမှုအထောက်အပံ့အဖြစ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန်၊ ငါးသေတ္တာဘူးနှင့် နို့ မှုန့်ထုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်၌ မိုးရွာနေသဖြင့် UEHRD  စေတနာ့ဝန်ထမ်း လူငယ်များသည် တိုင်းရင်းသားကျေးရွာများသို့ အိမ်ထောင်စုစာရင်းကောက်ယူမှုကို ခေတ္တရပ်ဆိုင်းထားရကြောင်း၊ ဘူးသီးတောင်မြို့ရှိ UEHRD စေတနာ့ဝန်ထမ်းလူငယ်များအနေဖြင့် ဒိုင်းနက်တိုင်းရင်းသားများနေထိုင်သည့် ငါးကျည်တောက်ကျေးရွာသို့ စာရင်း ကောက်ယူရန် ထွက်ခွာသော်လည်း မိုးသည်းထန်စွာရွာနေသဖြင့် လမ်းခုလတ်မှလှည့်ပြန်လာခဲ့ကြောင်း သိရသည်။

UEHRD စေတနာ့ဝန်ထမ်းလူငယ်များအဖွဲ့ တတိယအဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် တို့တွင် ဒေသခံပြည်သူများအတွက် လူသားချင်း စာနာမှု ထောက်ပံ့ရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂၀ ရက်က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် ကျား ၃၀ ၊ မ ၁၆  ဦးဖြင့် စုစုပေါင်း ၄၆ ဦး ပါဝင်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “UEHRD က ပြည်သူကို အခြေခံပြီးတော့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ရှိရင် အားလုံးပူးပေါင်းပါဝင်ရမှာ၊ ပြဿနာကို ဖြေရှင်းရမှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူနဲ့ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ တာဝန်ဖြစ်တဲ့အတွက် အစိုးရဟာ ဒီတာဝန်ကို ထပ်ခါထပ်ခါ ဖြေရှင်းနေမယ်။ ဒီဒေသဟာလည်း ဒီလိုပဲ ထပ်ခါထပ်ခါ ပြန်ဖြစ်နေမယ်ဆိုရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဟန့်အတားဖြစ်ပါတယ်။ အဓိကက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကူညီဆောင်ရွက်ရမယ့်ကိစ္စလို့ ယုံကြည်ပါတယ်။ အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ လူငယ်မူဝါဒကို ရေးဆွဲနိုင်ခဲ့ပါတယ်။ လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီးတော့ လူကြီးတွေရဲ့သင်ခန်းစာကိုယူပြီး ရေးဆွဲတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခခံစားရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို မိသားစုလက်ဝယ်အရောက် အဖွဲ့တစ်ဖွဲ့လျှင် ၂၀ စီပါဝင်သော လူငယ်အဖွဲ့များဖွဲ့စည်း၍ ဒုတိယအကြိမ်အဖြစ် ရက် ၂၀ ကြာ အလှည့်ကျသွားရောက်ပြီး လုပ်ငန်းများ  ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent