နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက်တောင်းဆိုခဲ့သူကို သက်ဆိုင်ရာက ထိန်းသိမ်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက်တောင်းဆိုခဲ့သူကို သက်ဆိုင်ရာက ထိန်းသိမ်း
Published 5 January 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက်တောင်းဆိုခဲ့သူကို ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သို့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက သွားရောက်တောင်းဆိုခဲ့သူအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ ဗဟန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့ခွင့်ရရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ သွားရောက် တောင်းဆိုခဲ့သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ဦးညီညီထွန်း ဆိုသူ ဖြစ်ပြီး ၎င်းသည် “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံခွင်ပြုပါရန် မေတ္တာရပ်ခံပါသည်” စာသားပါ ဗီနိုင်း ဆိုင်းဘုတ်ကိုင်ဆောင်၍ နေအိမ်ရှေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတဲ့အကြောင်းကတော့ ကျွန်တော် ၁၉ - ၁၂ - ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ပြောင်းရွှေ့ရေး အပါအဝင် အချက် ၁၁ ချက်ကို ကျွန်တော်တောင်းဆိုထားပါတယ်။ အဲဒီလို တောင်းထားတာရယ် ယနေ့ ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေရယ်၊ ကျွန်တော်တို့ လက်ရှိခံစားနေရတဲ့ ဒုက္ခတွေရယ်ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြချင်တယ်။ ပြည်သူတွေရဲ့အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံကို  တိုက်ရိုက်ပြောချင်လို့ အခုလို တောင်းဆိုတာဖြစ်ပါတယ် ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည့် ဦးညီညီထွန်းက ပြောကြားသည်။

ထိုသို့ တောင်းဆိုမှု မပြုလုပ်မီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က သက်ဆိုင်ရာမြို့ နယ်ရဲစခန်းဖြစ်သည့် ဗဟန်းမြို့မရဲစခန်းသို့ စာတင်ခဲ့ပြီး ရဲစခန်းက ငါးရက်ကြာသည်အထိ စာမပြန်ခဲ့သဖြင့် လက်ခံသည်ဟု ထင်၍ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလိုတောင်းဆိုဖို့ ဒီဇင်ဘာ ၃၁ ရက် က ရဲစခန်းကိုစာတင်ခဲ့ပါတယ်။ ငြိမ်းစုစီမှာ အရင်အစိုးရလက်ထက်ကတော့ ခွင့်ပြုမိန့် ယူရတယ်။ အခုအစိုးရလက်ထက်မှာ သူတို့ က ၄၈ နာရီအတွင်း အကြောင်းကြားဖို့ ပဲ လိုအပ်တယ်ဆိုပြီး ပြောင်းလဲလာတယ်။ အရင် တုန်းကလည်းဆန္ဒဖော်ထုတ်တုန်းက သူတို့ကိုအကြောင်းကြားလိုက်တယ်။ သူတို့ဆီက ဘာအကြောင်းကြားစာမှ မလာဘူးဆိုရင် သူတို့ ခွင့်ပြုတယ်ပေါ့။ အဲဒီအချိန်အတွင်းမှာ သူတို့က ခွင့်မပြုဘူးလို့ အကြောင်းပြန်လာရင်တော့ အစ်ကိုတို့ လုပ်လို့မရဘူးပေါ့။  အခုက လည်းအကြောင်းမပြန်တော့ သူတို့ ခွင့်ပြုတယ်ပေါ့။ တွေ့ဆုံခွင့် တောင်းလို့ရတယ် ထင်လို့ လာခဲ့တာပါ ” ဟု ဦးညီညီထွန်းက ပြောကြားသည်။

ထို့နောက် ဦးညီညီထွန်းကို တာဝန်ရှိသူများက သက်ဆိုင်ရာဗဟန်းရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှုဖွင့်လှစ်ခြင်းမရှိဘဲ ယင်းနေ့ ညနေပိုင်းတွင် ခံဝန်ထိုးပြီး ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဗဟန်းမြို့မရဲစခန်းသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ရဲစခန်းက ပြန်လည် ဖြေကြားခြင်း မရှိပေ။

Most Read

Most Recent