တရားမဝင်ငါးဖမ်းခြင်းများကြောင့် မြိတ်ကျွန်းစုထွက် ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းများ ပျောက်ကွယ်စပြုလာ

တရားမဝင်ငါးဖမ်းခြင်းများကြောင့် မြိတ်ကျွန်းစုထွက် ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းများ ပျောက်ကွယ်စပြုလာ
Published 5 January 2018

မြိတ်ကျွန်းစုမှ ငါးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မြိတ်ကျွန်းစုထွက် ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်း(ဖောင်းဆံ)များမှာလည်း တရားမဝင် ငါးဖမ်းခြင်းများကြောင့် ပျောက်ကွယ်စ ပြုလာပြီဖြစ်ကြောင်း တံငါသည်များထံမှ သိရသည်။

မြိတ်ကျွန်းစုအတွင်း တရားမဝင် ငါးဖမ်းနည်းမျိုးစုံကြောင့် ရေသတ္တဝါများ ရှားပါးလာနေသလို တံငါသည်များ၏ မိရိုးဖလာလုပ်ငန်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး နာမည်ကြီး ငါးပုပ်ခြောက် နှင့် ငါးစည်ဖောင်းများလည်း လုပ်ငန်းပျောက် ကွယ်စပြုလာနေပြီဖြစ်ကြောင်း သိရသည်။ ပညာပေးလုပ်ငန်းများ၊ စာရွက်ပေါ်တွင် သတ်မှတ်ချက်များ လုပ်ဆောင်နေသည်မှာ ထိရောက်မှုမရှိဘဲ ပင်လယ်ပြင်အတွင်း ရောက်ပါက ငါးဖမ်းလှေကြီးများမှာ နည်းမျိုးစုံဖြင့် ဥပဒေဖောက်ဖျက်နေကြောင်း တံငါသည် လေးများက ပြောကြားခဲ့သည်။ နာမည်ကြီးငါးပုပ်ခြောက်လုပ်ငန်းမှာလည်း တရားမဝင် ငါးဖမ်းခြင်းများကြောင့် ငါးပုပ်ခြောက်လုပ်သည့် ကတ်ကူရံငါးများ အလွန်ရှားပါးသွားကြောင်း သိရသည်။

“ကျွန်တော်တို့ သုံးတာက ပိုက်ကွက် အကြီးဖြစ်တယ်။ ခြောက်လက်မခွဲပိုက်နှင့်ပဲ ဖမ်းလေ့ရှိတယ်။ ကတ်ကူရံငါးများကိုပဲ ဖမ်းဆီးတာပါ။ ဘိုးဘွားတွေလက်ထက်ကတည်း ဖမ်းဆီးလာသလို ရွာကိုလည်း တည်ထောင်လာတယ်။ ကျွန်တော်တို့ကို ပညာသင်ပေးလာတာ ကတ်ကူရံငါးဖြစ်သလို ရန်ကုန်လို မြို့ကြီးတွေမှာ ကျောင်းထားပေးခဲ့တာ။ ဒီ ကတ်ကူရံအလုပ်နှင့်ပဲ သင်ပေးခဲ့တယ်။ ဒီ လုပ်ငန်းက ရေကြမ်းမှာ ပိုက်ပစ်ရတာပါ။ အရင်ကအကောင်ရေ ၂၀၀ လောက်အထိရပေမယ့် အခုပိုက်အဖုံ ၈၀ လောက်ပစ်မှ ငါး အကောင်ရေ ငါးကောင်ကနေ ၁၀ အထိပဲရတော့တယ်။ ထိုင်းကိုတောင် ကက္ကူရံတွေ မပို့နိုင်တော့ဘူး။ ဒီလုပ်ငန်းက နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက လုပ်လာတဲ့လုပ်ငန်းများဖြစ်တယ်။ အရင်က သဲတန်းရွာမှာ ရေလုပ်သားတွေ လုပ်ကိုင်တယ်စခန်း အသစ်ချပြီး လုပ်ကိုင်ရာကနေ စခန်းသစ်ရွာဖြစ်လာတယ်” လို့ စခန်းသစ်ကျေးရွာမှ ဦးဝင်းကိုကိုမှ ပြောကြားခဲ့သည်။ တောရန်ကုန်ဟု လူသိများသော စခန်းသစ်ကျေးရွာမှာ အဆိုပါငါးပုပ်ခြောက်လုပ်ငန်း၊ ငါးစည်ဖောင်းလုပ်ငန်းများဖြင့် ထင်ရှားခဲ့သော်လည်း ယခုအခါ တရားမဝင် ငါးဖမ်းခြင်း၏ ဆိုးကျိုးများကို ခေါင်းငုပ်ခံနေရပြီဖြစ်ကြောင်း သိရသည်။ ကမ်းနီးသို့ ဝင်ဆွဲသော ငါးဖမ်းလှေကြီးများ၊ တစ်လက်မ ပိုက်ကွက်အသေးများဖြင့် လာရောက်ဆွဲယူနေသော ငါးဖမ်းလှေတချို့ကို သွားရောက်ပြောဆိုခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ပါကလည်း ရန်မူခံရခြင်း၊ ဖုန်းများ၊ ကင်မရာများကို သိမ်းယူသွားခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံတံငါသည်များက ပြောကြားသည်။

Most Read

Most Recent