အဂတိလိုက်စားမှု တွန်းလှန်နိုင်ရေးအတွက် ကိုယ်ကျင့်သိက္ခာ မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပြီး ရေရှည်အတွက် မဟာဗျုဟာရေးဆွဲထားကြောင်း ကော်မရှင်ထုတ်ပြန်

အဂတိလိုက်စားမှု တွန်းလှန်နိုင်ရေးအတွက် ကိုယ်ကျင့်သိက္ခာ မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပြီး ရေရှည်အတွက် မဟာဗျုဟာရေးဆွဲထားကြောင်း ကော်မရှင်ထုတ်ပြန်
Published 5 January 2018

နိုင်ငံ့ဖွံဖြိုးတိုးတက်ရေးနှင့် အများပြည်သူ ကိုယ်စိတ်နှစ်ပါးကို အဓိကဟန့်တားနေသည့် ဘေးရန်ဖြစ်သော အဂတိလိုက်စားမှု တွန်းလှန်နိုင်ရေးအတွက် ကိုယ်ကျင့်သိက္ခာ မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပြီး ရေရှည်အတွက် မဟာဗျူဟာ ရေးဆွဲထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇန်နဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူ ကိုယ်စိတ်နှစ်ပါးချမ်းသာစေရေးတို့ကို အဓိက ဟန့်တားနှောင့်ယှက်နေသော ဘေးအန္တရာယ် တစ်ရပ်ဖြစ်နေသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ယင်းဘေးအန္တရာယ်ကို တိုက်ဖျက်နိုင်ရန် ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်သည့်အပြင် ရေရှည်လုပ်ငန်းစဉ်အတွက် မဟာဗျူဟာ စီမံချက်တစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်သူများသာမက ကင်းရှင်းသူများကပါ အဂတိလိုက်စားမှုကို အားလုံးသည်းခံ၊ ခွင့်လွှတ်၊ လျစ်လျရှုကြရမည် မဟုတ်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ ကနဦးခြေလှမ်းအဖြစ် ပညာပေးရေး၊ သတိပေးရေး၊ ဟန့်တားကာကွယ်ရေးတို့အတွက် လူ့အသိုက်အဝန်း အသီးသီးတွင် ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂၊ ၂၃ ရက်တွင် ရန်ကုန်မြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်သော “အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” (Promote Integrity to Counter Corruption) ဟူသော ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးပွဲ (Symposium) ကို ကျင်းပမည်ဖြစ်သည်။

စာတမ်းဖတ်ကြားရန်အတွက် စိတ်ပါဝင်စားသော ပညာရှင်များ၊ အသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများသည် စာတမ်းဖတ်ကြား ဆွေးနွေးနိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အုပ်စု(၁)အား ကစားလေ့ကျင့်ရေးစခန်း၊ ဝဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် [email protected] ဖုန်းနံပါတ် ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့ ၁၂-၁-၂၀၁၈ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့နိုင်မည်ဖြစ်ပြီး ဖတ်ကြားမည့်စာတမ်း Soft Copy ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မတိုင်မီ ပေးပို့ပေးရမည်ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် စတင်ဖွဲ့စည်းသည့် သုံးနှစ်ကျော်ကာလအတွင်း တိုင်ကြားစာ ၄၅၁၆ စောင်ရရှိထားပြီး အဂတိလိုက်စားတိုက်ဖျက်ရေး ဥပဒေအရ အရေးယူ စုံစမ်းမှု ၄၇ မှု ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent