အပန်းဖြေခရီးသွား ဝင်ရောက်မှုများနေသည့် ဂေါ်ရန်ဂျီကမ်းခြေအား လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလိုင်းများကောင်းမွန်စေရန် အစိုးရက လုပ်ဆောင်ပေးမည်

အပန်းဖြေခရီးသွား ဝင်ရောက်မှုများနေသည့် ဂေါ်ရန်ဂျီကမ်းခြေအား လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလိုင်းများကောင်းမွန်စေရန် အစိုးရက လုပ်ဆောင်ပေးမည်
Published 5 January 2018

ဂေါ်ရန်ဂျီကမ်းခြေတွင် လည်ပတ်သူများအား တွေ့ရစဉ်

ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားနေသည့် ဂေါ်ရန်ဂျီကမ်းခြေအား ကားလမ်းဆက်သွယ်ရေး၊ တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရန်နှင့် ဒေသခံများအနေဖြင့် ခရီးသွားဝန်ဆောင်မှုများ စနစ်ကျစွာ ဆောင်ရွက်တတ်ရန်အတွက် သင်တန်းများ ပေးခြင်းကို အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည့် ငရုတ်ကောင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လာရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် စိတ်ပျက်မှုများရှိခဲ့ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ လမ်းပန်းဆက်သွယ်ရေးဖြစ်သောကြောင့် အစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အဓိကထားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ တယ်လီဖုန်းလိုင်းများ ဆက်သွယ်မှုကောင်းမွန်စေရေးအတွက်လည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွားများအား ဝန်ဆောင်မှုများပေးဆောင်နိုင်ရန် ချက်နည်းပြုတ်နည်းသင်တန်းများ၊ ဝန်ဆောင်မှု သင်တန်းများအား ဟိုတယ်ခရီးဌာနမှလည်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေပါပါတယ်။ အဲဒီဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေက ဘာတွေလည်းဆိုတော့ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဆိုတာ ဒါက ဒီဒေသရဲ့အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်။ ငရုတ်ကောင်း တောင်ကမှ ငရုတ်ကောင်းကိုလာတာ ၁၇ မိုင်ကျော်တယ်။ တစ်ခါ ငရုတ်ကောင်းမြို့ကမှ ဒီဒေသကိုလာတာ ၁၂ မိုင်ခွဲ ဖြတ်ရတယ်။ အဲဒီ ၁၂ မိုင်ခွဲလမ်းကတော့ တော်တော်လေး ဆိုးတဲ့လမ်း။ ဒီလမ်းကောင်းရမယ်ဆိုရင် အခု ကျွန်တော်တို့ နောက်ဆုံးတွေ့ရှိထားတဲ့ တွေ့ ရှိချက်က ဒီ ၁၂ မိုင်ခွဲလမ်းကို ပြုပြင်ထိန်းသိမ်း လုပ်မယ့်အစား ကျွန်တော်တို့ ငရုတ်ကောင်းတောင် ကူးတို့ဆိပ်ကနေပြီးတော့ ဇက်ကူးပြီး တော့ ဟိုဖက်ကမ်းကနေ ဂေါ်ရန်ဂျီအရောက်ကို သုံးမိုင်ကျော်ပဲရှိတယ်။ အဲဒီသုံးမိုင်ခွဲလမ်းကိုသာ အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့မှာ နိုင်နိုင်နင်းနင်းနဲ့ သွားရေးလာရေးပါ ပိုပြီးတော့ ခရီးတိုပြီး ဒီဒေသကို လာနိုင်တဲ့သူတွေ ခရီးသည်ဆိုတာ ကားအကြာကြီးမစီးချင်ဘူး။ သူတို့က အမြန်ရောက်လေကြိုက်လေ ဆိုတော့ အမြန်ဆုံးရောက်မယ့်လမ်း၊ သွားရေးလာရေး အဆင်ပြေမယ့်လမ်း ဒီလမ်းကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ အဲဒီအပြင်ကို ဒီဒေသရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးပေါ့။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်း လုပ်ပြီဆိုလို့ရှိရင် ဒီခရီးသွား လုပ်ငန်းနဲ့အတူပါလာတဲ့ စားရေးသောက်ရေးကထွက်လာတဲ့ အမှိုက်တွေ အမှိုက်ပေါင်းစုံပေါ့နော်။ ဒီအမှိုက်ပေါင်းစုံတွေကို ကျွန်တော် တို့ ဘယ်လိုနိုင်နင်းအောင်၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်အောင်၊ အများအမြင် တင့်တယ်အောင် ဘယ်လိုရှင်းလင်းရမလဲဆို တဲ့ ဒီစီမံချက်တွေကို ထည့်သွင်းပြီးတော့ ပါဝင်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ ဖုန်းလိုင်းပေါ့နော်။ ဖုန်းလိုင်းက သိပ်ပြီးတော့ မမိကြဘူးပေါ့။ မမိကြတာကိုလည်း ဖုန်းလိုင်း မိအောင်ဆောင်ရွက်ပေးရမယ့် အခြေအနေ တွေရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီဒေသမှာ မနှစ်ကဆိုရင် ကျွန်တော်တို့ ခရီးသွားတွေဝင်တာ ရုတ်တရက်များပြားလာတယ်။ ခရီးသွားနဲ့ ဒီကဝန်ဆောင်မှုအားနဲ့က မနိုင်မနင်းဖြစ်တဲ့သဘောရှိတယ်။ အဲဒီတော့  ဒီဝန်ဆောင်မှုတွေလည်း ပိုကောင်းလာအောင် ကျွန်တော်တို့ ချက်ပြုတ်နည်းသင်တန်း၊ ဧည့်ခံနည်းသင်တန်း စတဲ့ဒီသင်တန်းတွေကိုလည်း ကျွန်တော်တို့ ဟိုတယ်ခရီးဌာနကနေပြီးတော့ ဆက်ပြီးတော့ ပေးသွားဖို့ရှိပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လည်ပတ်အပန်းဖြေစရာနေရာများ များပြားသည့် ဂေါ်ရန်ဂျီကမ်းခြေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသည့်အချိန်မှာပင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ်  မတ် ၃၁ ရက်အထိ ခရီးသွားပေါင်း လူဦးရေ နှစ်သောင်းကျော် လာရောက်လာပတ်ခဲ့ပြီး  သြင်္ကန်ပွဲတော် ကာလအတွင်းက ခရီးသွားများ ဝင်ရောက်မှုများပြားလွန်းခြင်းကြောင့် တည်းခိုရန်နေရာများပါ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။

Most Read

Most Recent