မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၅၆ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ထုတ်ယူနေပြီး အပူစွမ်းအင်မှ ၄၄ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ လေးနှစ်အတွင်း နှစ်စဉ်လျှပ်စစ်ထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်းဝန်းကျင် တိုးတက်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၅၆ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ထုတ်ယူနေပြီး အပူစွမ်းအင်မှ ၄၄ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ လေးနှစ်အတွင်း နှစ်စဉ်လျှပ်စစ်ထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်းဝန်းကျင် တိုးတက်
Published 5 January 2018

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၅၆ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ထုတ်ယူနေပြီး အပူစွမ်းအင်မှ ၄၄ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ လေးနှစ်အတွင်း နှစ်စဉ်လျှပ်စစ်ထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်း ဝန်းကျင် တိုးတက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ လျှပ်စစ်ခရီး၊ လေးနှစ်တာ- ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၁၇ ခုနှစ်မှာ ယခင်နှစ်က အချိုးအစားအတိုင်း ရေအားမှထုတ်လုပ်သော လျှပ်စစ်ယူနစ်ပေါင်းက ၅၆ ရာခိုင်နှုန်းနဲ့ အပူစွမ်းအင်က ၄၄ ရာခိုင်နှုန်းဖြစ်နေဆဲ တွေ့ရပါတယ်။ ဒီနှစ်မှာ အပူစွမ်းအင်ရဲ့ ရာခိုင်နှုန်းက အရင်နှစ်တွေလို နှစ်စဉ်လေးရာခိုင်နှုန်းတိုးကာ ရေအားက နှစ်စဉ်လေးရာခိုင်နှုန်း လျော့ကျနေမှုက တည်ငြိမ်သွားပါတယ်။ နောက်နှစ်များမှာ သဘာဝဓာတ်ငွေ့က လျှပ်စစ်ထုတ်ယူမှု ပမာဏက ပြန်လည်မြင့်တက်လာဖို့ အခြေအနေ ရှိပါတယ်။ ဒါဆိုရင် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် (အရင်း) က များလာပါမယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

လေးနှစ်အတွင်း ထုတ်လုပ်ခဲ့သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ယူနစ်ကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၄ တွင် ရေအားလျှပ်စစ်မှ ၈,၇၉၉,၅၆၄၊ အပူစွမ်းအင်မှ ၄,၈၇၂,၈၀၈၊ ၂၀၁၅ တွင် ရေအားလျှပ်စစ်မှ ၉,၁၇၃,၅၄၇၊ အပူစွမ်းအင်မှ ၆,၂၁၅,၄၇၂၊ ၂၀၁၆ ခုနှစ်တွင် ရေအားလျှပ်စစ်မှ ၉,၇၃၃,၁၈၅၊ အပူစွမ်းအင်မှ ၇,၅၄၅,၇၉၄၊ ၂၀၁၇ စက်တင်ဘာလကုန်အထိ ရေအားလျှပ်စစ်မှ ၇,၉၈၉,၆၁၄၊ အပူစွမ်းအင်မှ ၆,၄၃၇,၀၈၀ တို့ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကုန်ဆုံးချိန်တွင် လျှပ်စစ်ယူနစ်ပေါင်း ၁၉,၅၃၀,၀၀၀ အထိရှိမည်ဟု မျှော်မှန်းထားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏ ၃,၁၃၈ မဂ္ဂါဝပ်အထိ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပြီး ယခင်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်း များပြားလာမည်ဖြစ်ရာ နှစ်စဉ်မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ ခန့် တိုးတက်သုံးစွဲနေခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း ၂၇ ခုနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၄ ရုံဖြင့် အဓိက ဓာတ်အားထုတ်လုပ်လျက်ရှိရာ တိုးတက်လာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တွက်ချက်မှုများအရ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ထုတ်လုပ်မှုစရိတ်သည် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ပါက ကျပ် ၆၀၊ သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပါက ၁၂၅ ကျပ်၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်ပါက ကျပ် ၁၀၀၊ နေရောင်ခြည်စွမ်းအင်ဖြင့် ထုတ်လုပ်ပါက ၁၃၅ ကျပ်၊ လေစွမ်းအင်ဖြင့် ထုတ်လုပ်ပါက ကျပ် ၁၅၀ အထက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကွန်ရက်စနစ်ကို နှစ်စဉ်တိုးချဲ့နေခြင်း၊ ပြည်သူများက လျှပ်စစ်ကို ပိုမိုအသုံးပြုလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာခြင်းများနှင့်အတူ နှစ်စဉ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရမည့် ပမာဏမှာ ဆတိုးတိုးပွားလာမည်ဖြစ်ခြင်းကြောင့် ဓာတ်အားပေးစက်ရုံ အကြီးစားများကို အမြန်ဆုံးပြီးအောင် တည်ဆောက်ဆောင်ရွက်ရန် မဖြစ်မနေလိုနေပြီဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

Most Read

Most Recent