၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌ နိုင်ငံသားလုပ်ငန်းရှင်အများစု အများဆုံး ဝင်ရောက်မြှုပ်နှံလျက်ရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌ နိုင်ငံသားလုပ်ငန်းရှင်အများစု အများဆုံး ဝင်ရောက်မြှုပ်နှံလျက်ရှိ
Published 4 January 2018

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌ မြန်မာနိုင်ငံသား လုပ်ငန်းရှင်အများစုက အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီနှစ်ထဲမှာ နိုင်ငံသားတွေက အိမ်ရာကဏ္ဍမှာ ဝင်ရောက်မှုများတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁ ဒသမ ၀၆ ဘီလျံအထိ ဝင်ရောက် မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို နှိုင်းယှဉ်ကြည့်ပါက အောက်တိုဘာလအတွင်း ဝင်ရောက်မှုမရှိသော်လည်း နိုဝင်ဘာလအတွင်းတွင်မူ လုပ်ငန်းတစ်ခုက ကျပ် ၁၃၈၅၂၈၅ ဒသမ ၄၄၀ သန်းအထိ ဝင်ရောက်မြှုပ်နှံထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အိမ်ရာအဆောက်အအုံတည်ဆောက်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ကျပ် ၃၉၀၇၄၃၃ ဒသမ ၆၀၄ သန်းအထိ မြှုပ်နှံထားကြပြီး စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းအထိ အများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ တတိယပတ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ဒေါ်လာသန်း ၉၁၀ ကျော် အပါအဝင် ကျပ် ၃၁၆၁ ဘီလျံကျော်အထိ ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးခဲ့သည့် လုပ်ငန်းတစ်ခုရှိသဖြင့် စုစုပေါင်း လုပ်ငန်းခြောက်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၂ ဒသမ ၁၂၄ သန်းအပါအဝင် ကျပ် ၁၆၆၅၁၇ ဒသမ ၈၆၇ သန်းခွင့်ပြု /အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၉၂၁ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြု/အတည်ပြုလုပ်ငန်း ခြောက်ခုမှာ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတစ်ခု၊ လျှပ်စစ်ကဏ္ဍတစ်ခု၊ စက်မှုကဏ္ဍတစ်ခုနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတစ်ခုတို့ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတတိယပတ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၈ ခု၊ ဒေါ်လာ ၈၀၄ ဒသမ ၁၀၆ သန်းအပါအဝင် ကျပ် ၂၈၆၇၉၀၄ ဒသမ ၂၃၀ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၁၀ ဒသမ ၅၃၇ သန်း အပါအဝင် ကျပ် ၃၁၆၁၆၁၆ ဒသမ ၇၆၇ သန်း ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent