ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းနှင့် လုပ်အားခနည်းခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ MoU ထိုးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅၀၀၀ ကျော် ထွက်ခွာခဲ့ကြောင်း သိရ

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းနှင့် လုပ်အားခနည်းခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ MoU ထိုးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅၀၀၀ ကျော် ထွက်ခွာခဲ့ကြောင်း သိရ
Published 4 January 2018

ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်

အိမ်နီးချင်းထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ငါးလဆက်တိုက် လျော့ကျခဲ့သော်လည်း ပြည်တွင်း၌ အလုပ်အကိုင်ပိုမိုရှားပါးလာခြင်းနှင့် လုပ်ခလစာနည်းခြင်းကြောင့် ၂၀၁၇ ခုနှစ် တစ်နှစ်လုံးအတွင်း ထိုင်းနိုင်ငံသို့ MoU ထိုပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅၀၀၀ ကျော်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ်ထွက်ခွာမှုမှာ သြဂုတ်လတွင် အများဆုံးထွက်ခွာခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များ၌ လုပ်သားလိုအပ်ချက် လျော့ပါးလာခြင်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာနှုန်းမှာလည်း ငါးလဆက်တိုက် လျော့ကျလာခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလတွင် MoU လုပ်သားအဖြစ် ထွက်ခွာခဲ့သူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၆၁၇ ဦး၊ နိုဝင်ဘာတွင် ၁၂၁၆၀၊ အောက်တိုဘာတွင် ၁၄၂၅၂ ဦး၊ စက်တင်ဘာတွင် ၁၅၇၇၉ ဦး၊ သြဂုတ်လတွင် ယခုနှစ်အတွင်း အများဆုံးထွက်ခွာခဲ့ကာ ၁၆၅၆၀ ထွက်ခွာခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ အနိမ့်ဆုံးလုပ်ခလစာအဖြစ် ကျပ် ၄၈၀၀ သပ်မှတ်နိုင်ချိန်ထွင် ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာ ၂၀၁၈ ခုနှစ်စကစ၍ တစ်နေ့ဘတ် ၃၁၅ ဘတ် (ကျပ် ၁၃၀၀၀ ခန့်ရရှိနိုင်မည့် လုပ်အားခ) သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် မြန်မာ့လူ့စွမ်းအားအရင်းအမြစ်များ ထွက်ခွာနေဦးမည်ဟုဆိုသည်။

“ထိုင်းနိုင်ငံအတွင်းမှာ မိခင်နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်ကြမ်း (Hard work)၊ မလုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေ (Dangerous)၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ (Difficult)၊ ညစ်ပတ်ပေတေတဲ့အလုပ်တွေ (Dirty) ဆိုတဲ့ 3D အလုပ်တွေကို လုပ်ရတယ်ဆိုပေမဲ့ ကိုယ်နိုင်ငံမှာ အလုပ်ရုံစက်ရုံတွေ မဖွံ့ဖြိုးလာသမျှ၊ သင့်တင့်တဲ့လုပ်အားခ မရသမျှ လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။ တရားဝင်နဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုဟာ ဆတူဖြစ်နေသေးတဲ့အတွက် လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုဆိုတာ လုံးဝဥဿုံ ဖြစ်မလာသေးပါဘူး” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ငါးလအတွင်းလုပ်သား ထွက်ခွာနှုန်း လျော့ကျခဲ့သော်လည်း ပြည်တွင်း၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှားပါးလာခဲ့ကာ လုပ်အားခနှုန်းနည်းပါးခြင်းတို့ကြောင့် မြဝတီနယ်စပ်မှတစ်ဆင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ခွာသူ ယခင်နှစ်ကထက် များပြားနေဆဲဖြစ်ပြီး ပြည်တွင်း၌ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဆုံးရှုံးလာခဲ့ကာ ဆယ့်နှစ်လတာကာလတွင် မြန်မာ့ MoU လုပ်သား ၁၄၅၁၆၁ ဦး ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ပြည်တွင်းစားသုံးမှုဈေးကွက်တွင် မြင့်တက်လာသော ကုန်ဈေးနှုန်းကို လုပ်အားခနှင့် ထိန်းညှိနိုင်ခြင်းမရှိသောကြောင့် မိသားစုစားဝတ်နေရေးအတွက် ပြည်ပသို့ ထွက်ခွာလာသူများဖြစ်သည်။ လက်ရှိလယ်ယာလုပ်ငန်းခွင်၊ ကိုင်းလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အသက် (၂၀) နှင့် (၃၀) ကြား လူငယ်၊ လူရွယ်များဖြစ်ကြကာ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း မိသားစုကိုစွန့်ကာ ထွက်ခွာလျက်ရှိသည်။

ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ အမျိုးသား ၈၅၅၄၁ ဦး၊ အမျိုးသမီး ၇၉၆၂၀ ထွက်ခွာခဲ့သည့်အတွက် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ရွှေ့ပြောင်းလုပ်သားအဖြစ် အမျိုးသားများနည်းတူ အမျိုးသမီးငယ်များစွာလည်း မိသားစုနှင့်ဝေးရာသို့မသွားချင်ဘဲ သွားရောက်လုပ်ကိုင်နေရကြောင်း သိရသည်။

Most Read

Most Recent