မိသားစုတိုင်း ဟင်းတစ်မည်လျှော့စားလျှင် အလွယ်တကူပင် ကုန်ဈေးနှုန်းကျလိမ့်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လူထုတွေ့ဆုံပွဲတွင် ပြောကြား

မိသားစုတိုင်း ဟင်းတစ်မည်လျှော့စားလျှင် အလွယ်တကူပင် ကုန်ဈေးနှုန်းကျလိမ့်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လူထုတွေ့ဆုံပွဲတွင် ပြောကြား
Published 4 January 2018

မိသားစုတိုင်း ဟင်းတစ်မည်လျှော့စားပါက အလွယ်တကူပင် ကုန်ဈေးနှုန်းကျမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီက မွန်ပြည်နယ် သထုံမြို့ရှိ သုဝဏ္ဏဘူမိခန်းမတွင် ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လူထုတွေ့ဆုံပွဲတွင် ဒေသခံပြည်သူတစ်ဦးမှ ကုန်ဈေးနှုန်းကြီးမြင့်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ယင်းကဲ့သို့ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းပြောတာ မမှတ်မိဘူးလား။ အခုအချိန်မှာ အင်္ဂလန်တို့၊ ရုရှားတို့မှာ သူတို့ဆီမှာ စစ်ပြီးသွားတဲ့အချိန်မှာ လူတစ်ယောက်ကို ထမင်းတစ်တုံးနဲ့ ဟင်းတစ်မည်နဲ့ပဲ စားရတယ်။ သူတို့ခြိုးခြံချွေတာတယ်။ ကျွန်တော်တို့နိုင်ငံလည်းဆင်းရဲတယ်။ ဟင်းတစ်မည်ပဲစားကြရမယ်။ လက်ဖက်ရည်ဆိုင်မှာပဲ မထိုင်ရဘူး။ ဟင်းတစ်မည်ပဲ အိမ်မှာချက်စားကြမယ်ဆိုရင် ကုန်ဈေးနှုန်းကမကျဘူးလား။ အဲဒါအကောင်းဆုံးပေါ့။ အဲဒါကို ဥပဒေထုတ်လို့ရမလား” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုဘာဖြစ်နေပြီလဲ။ ထိုင်းနိုင်ငံက ဝက်သွင်းနေတယ်။ ထိုင်းက ကြက်ဟင်းခါးသီးသွင်းနေတယ်။ မြန်မာပြည်ကစပါးတွေကို တရုတ်ကလာဝယ်နေတယ်။ ဆန်မဝယ်ဘူး။ အဲဒီအခြေအနေရောက်နေတယ်။ အဲဒါကိုကိုယ်ကပြန်ရုန်းရမယ်။ အစားကိုချွေတာပြီးတော့ ရင်းနှီးမြှုပ်နှံမှုမှာများများထည့်ရမယ်။ သူတို့မှာဘယ်လိုစိုက်လဲ။ ကိုယ့်မှာလည်းစိုက်ရမယ်။ ကျွန်တော်တို့ခပ်ငယ်ငယ်တုန်းက မူလတန်းကျောင်းတိုင်း၊ ကျောင်းတိုင်းမှာ ကလေးတွေက မြေကွက်လေးမှာ စပါးစိုက်တယ်။ ရေပေးရတယ်။ သူတို့စပါးကိုမိုနဲ့ ပန်ကာနဲ့သုံးတယ်။ မြန်မာပြည်မှာ တစ်ဧကကို ၁၅၀ လောက်ထွက်တယ်။

အဲဒီလိုမျိုး စိုက်ပျိုးရေးကိုအားပေးပါ။ ကုန်ဈေးနှုန်းကို ကျချင်တယ်ဆိုရင် ထမင်းကို ဟင်းတစ်မည်နဲ့ဘဲစား။ ဟင်းတစ်မည်နဲ့ဘဲစား တော်ပြီ။ အသီးအရွက်ကြော်လေးနဲ့။ အဲဒါပဲစားကြ အိမ်တိုင်း။ ခဏလေးကုန်ဈေးနှုန်းကျသွားမယ်။ ထိုင်းကလည်း ဝက်သွင်းစရာမလိုတော့ဘူး။ ဝက်ကို ကျွန်တော်က နေရာတိုင်းမှာပိတ်ထားတယ်။ ထိုင်းဝက်အကုန်ဖမ်းမယ်။ စပါးလည်းအကုန်ဖမ်းမယ်။ မရမ်းချောင်ဂိတ်က နေကိုစပါးပေးမထွက်ဘူး။ အခြေအနေက အဲဒီလိုဖြစ်နေတာ။ မြန်မာနိုင်ငံကစပါးတွေ အကုန်လုံး တရုတ်ကလာဝယ်နေတာ။ မျိုးစပါးတောင်ကျန်မှာမဟုတ်ဘူး။ အဲဒါကို ကာကွယ်နေရတယ်” ဟုပြောကြားသည်။

“အဲဒီတော့ ကုန်ဈေးနှုန်းကျချင်ရင် လွယ်ပါတယ်။ အလှူတွေမလုပ်နဲ့ဗျာ။ ဟင်းတစ်မျိုးပဲချ။ အလှူမှာဟင်း ၁၀ မျိုးရှိတယ်။ တစ်မျိုးပဲလုပ်။ ပြီးရောပေါ့။ လွယ်လွယ်လေးပါ” ဟု ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် အဆိုပါလူထုတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှု စာပေအဖွဲ့များ၊ လူမှုအသင်းအဖွဲ့ များနှင့် မြို့ခံပြည်သူ ၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent