ကျန်းမာရေးကောလာဟလ ထွက်ပေါ်ပြီးနောက် သမ္မတအိမ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းဓာတ်ပုံများ နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်

ကျန်းမာရေးကောလာဟလ ထွက်ပေါ်ပြီးနောက် သမ္မတအိမ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းဓာတ်ပုံများ နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်
Published 4 January 2018

နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သော ပုံမှန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်ရန် ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီခွဲတွင် ရောက်ရှိလာစဉ် (Photo: MSCO)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောလာဟလ ထွက်ပေါ်ပြီးနောက် သမ္မတအိမ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်လာသည့် သတင်းဓာတ်ပုံများကို ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်မှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ပြုလုပ်သော ပုံမှန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်ရန် (ဇန်နဝါရီ ၃ ရက်) ယနေ့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိလာစဉ်ဟု ရေးသားဖော်ပြထားသည်။

ယင်းသတင်းထုတ်ပြန်မှုဓာတ်ပုံများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာချိန်တွင် ကားပါကင်၌ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ဦးစွာကြိုဆိုနေသည့်ပုံနှင့် အိမ်တော်တွင်းဝင်ရောက်သည့် တံခါးဝတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ကြိုဆိုနေသည့်ပုံများ ပါဝင်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက နေပြည်တော်မှ ရန်ကုန်မြို့သို့ရောက်ရှိပြီး ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် ဆရာတော်အရှင်ရဝေနွယ်-အင်းမ (အရှင်ရာဇိန္ဒ) ပဓာနနာယက သီတင်းသုံးနေသော ဓမ္မရဝေတောရကျောင်းတိုက်ရှိ ဝိသုံဂါမသိမ်တော်ကြီး ရေစက်ချအလှူပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ လွှဲပြောင်းပေးအပ်ပွဲနှင့် ဆေးရုံဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂၆ ရက်တွင် မင်္ဂလာဒုံမြို့နယ် ကျိုက္ကလော့ဘုရားဝင်းအတွင်းရှိ ကျိုက္ကလော့သီလရှင်စာ သင်တိုက်အတွင်းတည်ထားသော ကံထူးဉာဏ်ဦး လာဘ်ထူးစေတီတော်ထီးတင်ပွဲသို့ တက်ရောက်ကုသိုလ်ယူ ကြည်ညိုခဲ့သည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မိခင် ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း (၂၉) နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူကို သံဃာတော်များအား ဆွမ်းနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိနေအိမ်တွင် ပြုလုပ်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့မှ ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်ကာ ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာနှင့် ပင့်သံဃာအပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် နှစ်ဦးဖြစ်သည့် ဇန်နဝါရီ ၁ ရက်တွင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ အခြားလုပ်ငန်းဆောင်ရွက်မှုသတင်းများလည်း ထုတ်ပြန်ထားခြင်းမရှိချိန်မှစတင်ကာ ကျန်းမာရေး ကောလာဟလသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးနှင့်ပတ်သက်သည့် ကောလာဟလထုတ်လွှင့်ခြင်းသည် မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ထုတ်လွှင့်နေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာအချို့အား ဖြေကြားထားသည်။

အလားတူ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည့် အခမ်းအနားဓာတ်ပုံများတွင် သမ္မတဦးထင်ကျော်၏ခန္ဓာကိုယ် အနည်းငယ်ပိန်သွားသဖြင့် သမ္မတ၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ခြင်းမရှိသောကြောင့် သမ္မတနေရာတွင် လူစားထိုးပြောင်းလဲမည်ဖြစ်ကြောင်း ထိုစဉ်အချိန်ကလည်း ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သေးသည်။

Most Read

Most Recent