အောင်လအန်ဆန်နှင့် ဖိလစ်ပိုင်နိုင်ငံသား ဖိုလာယန် ထိုးသတ်မည်ဟု ပြိုင်ပွဲကျင်းပရေး ထုတ်ပြန်

နာမည်ကြီး MMA ကစားသမား အောင်လအန်ဆန် (ဓာတ်ပုံ - ညီညီစိုးညွန့်)

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ကြီးမှူး ကျင်းပလျက်ရှိသည့် ONE Championship အဖွဲ့အစည်းသည် မြန်မာကစားသမား အောင်လအန်ဆန်နှင့် ဖိလစ်ပိုင်နိုင်ငံသား ဖိုလာယန်တို့ ၂၀၁၇ ခုနှစ်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၁၇ ခုနှစ်တွင် ထိုးသတ်မည့် ပထမဆုံးပွဲအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ဘက်အား ဒီဇင်ဘာ ၃၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် အောင်လအန်ဆန်နှင့် ဖိုလာယန်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုးသတ်မည့် နိုင်ငံနှင့် ရက်ကို ကြေညာခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လတွင် ထိုးသတ်ဖွယ်ရှိနေသည်။ ONE Championship အဖွဲ့အစည်းသည် အောင်လအန်ဆန်နှင့် ဖိုလာယန်တို့ပွဲအတွက် သတင်း ဆက်လက်ထုတ်ပြန်မည်ဖြစ်ပြီး အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ်တွင် ထိုးသတ်မည့်ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေဘဲ ယခုနှစ်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်န၀ါရီ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်အနေဖြင့် ယင်းပွဲတွင် အနိုင်ရသူအား စိန်ခေါ် ထိုးသတ်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ယခုနှစ်တွင် MMA ပြိုင်ပွဲ အနည်းဆုံး သုံးပွဲမှ လေးပွဲအထိ ထိုးသတ်ရန် စီစဉ်နေပြီး ရန်ကုန်မြို့၌ ကျင်းပမည့် နှစ်ပွဲစလုံးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၆ ခုနှစ်တွင် ထိုးသတ်ခဲ့သည့် ပြိုင်ပွဲသုံးပွဲစလုံး အနိုင်ရခဲ့ပြီး နှစ်ပွဲမှာ ၎င်း၏ နာမည် ကျော်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။