ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်
Published 4 January 2018

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပေါ် မမှန်စွပ်စွဲခြင်း၊ Facebook လူမှုကွန်ရက်စာမျက်နှာမှ အသရေပျက်စေရန် ရေးသားခြင်းများကြောင့်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အမှုတွင် နောက်ဆုံးတရားခံပြသက်သေတစ်ဦးကို ဇန်နဝါရီ ၃ ရက်တွင် စစ်ဆေးပြီးစီးခဲ့သဖြင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ယင်းကြောင့် လာမည့်ရုံးချိန်းကို ဇန်နဝါရီ ၈ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။

“မိုက်ကယ်ကျော်မြင့်က သက်သေသုံးယောက်တင်ထားတာ။ နှစ်ယောက်ပဲ စစ်ဖြစ်တယ်။ တစ်ယောက်ကို ပယ်လိုက်တယ်။ ဒီနေ့စစ်တာက နောက်ဆုံးခံပြသက်သေပဲ။ လာမယ့် ၈ ရက်နေ့မှာ နှစ်ဖက်အပြီးသတ် လျှောက်လဲမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အသရေပျက်စေရန် ပြီးခဲ့သည့် မေလစတုတ္ထပတ်အတွင်းက Facebook တွင်ရေးသားခြင်း၊ မမှန်စွပ်စွဲခြင်းများပြုလုပ်သည်ဟု ယူဆရသဖြင့် မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့နယ်တရားရုံး မြို့နယ်တရားသူကြီးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၁ တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ကို အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စွဲချက်အမိန့်အတွက် အမှုစစ်တရားသူကြီးက မိုက်ကယ်ကျော်မြင့်ကို အပြစ်ရှိ/မရှိမေးမြန်းရာ မိုက်ကယ်ကျော်မြင့်က အပြစ်မရှိပါဟု ပြန်လည်ဖြေကြားထားသည်။ မိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၁ (နစ်နာစေရန်အကြံနှင့် မမှန်စွပ်စွဲခြင်း)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဒဂုံမြို့နယ်တရားရုံး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုကာ ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သဖြင့် တရားရင်ဆိုင်နေစဉ် ၎င်းရင်ဆိုင်နေရသည့် အမှုနှစ်မှုအတွက် တစ်မှုလျှင် ကျပ်သိန်းတစ်ရာတန်အာမခံဖြင့် ဒဂုံမြို့နယ်တရားရုံးမှ ၂၀၁၇ ခုနှစ် သြဂုတ် ၈ ရက်တွင် အာမခံရရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန် ၂ ရက်က တာမွေမြို့နယ်ရှိ ဟစ်တိုင်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အများပြည်သူ အကြည်အညိုပျက်စေရန်အကြံဖြင့် မမှန်မကန်ကောလာဟလဖြန့်ဝေပြီး ပြည်သူလူထုမှအစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံကောလာဟလ ဖြန့်ဝေသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားမှုကြောင့် တာမွေတရားမြို့နယ် တရားသူကြီး တရားခွင်မှ ရာကြီးအမှုအမှတ် ၇၃၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်လက်ခံခဲ့ကာ မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ပေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ယင်းနေ့ညနေပိုင်းတွင်ပင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းမခံရမီရက်များက အောက်တိုဘာ ၂၄ ရက်တွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဟစ်တိုင်၌ လူအင်အား ၅၀၀ ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန်စီစဉ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent