၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၂၂၆ မှုဖြစ်ပွားသည့်အနက် တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ သုံးပုံတစ်ပုံကျော်အထိ ရှိခဲ့

၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၂၂၆ မှုဖြစ်ပွားသည့်အနက် တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ သုံးပုံတစ်ပုံကျော်အထိ ရှိခဲ့
Published 3 January 2018

၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၂၂၆ မှုဖြစ်ပွားခဲ့သည့်အနက် တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ သုံးပုံတစ်ပုံကျော် အထိရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်က စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှအခြားနိုင်ငံများသို့ ဦးတည်၍ လူကုန်ကူးမှုများအနက် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ ၁၆၃ မှုအထိရှိပြီး ယင်းအမှုထဲမှ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် စေခိုင်းမှုမှာ ၁၅၃ မှုအထိရှိကြောင်း သိရသည်။ ယင်းအပြင် ပြည်တွင်း၌ လူကုန်ကူးမှု ၄၈ မှု၊ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၁၃ မှု၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးမှုတစ်မှု စသည်တို့ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှု ဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးမှာ ၆၀ မှုဖြင့် လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပွားသည့်ဒေသဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၅၅ မှုဖြင့် ဒုတိယလူကုန်ကူးခံရမှု အများဆုံးဖြစ်သည့် ဒေသဖြစ်သည်။

ယင်းအပြင် ကချင်ပြည်နယ်တွင် ၃၂ မှု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၈ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၄ မှု၊ နေပြည်တော်တွင် ၁၂ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀ မှု၊ ရခိုင်ပြည်နယ်တွင် ကိုးမှု၊ မကွေးတိုင်း ဒေသကြီးတွင် ငါးမှု၊ မွန်ပြည်နယ်တွင်လေးမှု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးမှု၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်မှုစီ စသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း ဖြစ်ပွားသည့် လူကုန်ကူးမှု ၂၂၅ မှုအ နက် လူကုန်ကူးခံရသူ ၃၄၇ ဦးကို လူကုန်ကူးသူများထံမှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရားခံပေါင်း ၆၄၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သို့ လူကုန်ကူးခံရနေရကြောင်း ဆက်သွယ်အသိပေး အကြောင်းကြားခြင်း မရှိသဖြင့် လူကုန်ကူးခံရမှုမှ ပြန်လည်ကယ် ဆယ်နိုင်ခြင်းမရှိသေးသည့် အမှုများစွာနှင့် လူကုန်ကူးခံရသူများစွာ ရှိနေသေးကြောင်း  သိရသည်။

မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးခံနေရခြင်း (သို့မဟုတ်) လူကုန်ကူးခံနေရသည်ဟု သံသယရှိပါက ၀၉-၄၉၅၅၅၆၆၆၊ ၀၉၄၉-၅၅၅၇၇၇၊ ၀၉-၄၉၅၅၅၈၈၈၊၀၉-၄၉၅၅-၅၉၉၉ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent