<

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဇ၀နဒီပရပ်ကွက်တွင် အစာအိမ်ရောဂါ ခံစားနေရသူ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှု ဇန်န၀ါရီ ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးနေကြောင်း သတင်းအရ ပုဗ္ဗသီရိမြို့နယ် ထုံးဖိုရဲစခန်းမှ တာဝန်ရှိသူများက ဇ၀နဒီပရပ်ကွက်၊ စကားဝါလမ်းရှိ နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်နောက်ဘက်နှင့် အုတ်တံတိုင်း အကြားတွင် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းအေးမှာ ပက်လက်အနေအထားဖြင့် မီးလောင်သေဆုံး နေသည်ကို စစ်ဆေးသိရှိရကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ကွယ်လွန်သူသည် လွန်ခဲ့သော ခြောက်လခန့်မှစကာ အစာအိမ်အချဉ်ပေါက် ဝေဒနာ ခံစားနေရပြီး စိတ်ညစ်သည်ဟု ပြောဆိုမှုများရှိကြောင်း၊ ခင်ပွန်းဖြစ်သူ ဗိုလ်မှူးမှာ တာဝန်ဖြင့် ခရီးထွက်နေရသဖြင့် ကွယ်လွန်သူ၏ မိခင်နှင့် အစ်မဖြစ်သူ နေအိမ်တွင် ပြုစုရန် ထားရှိခဲ့ကြောင်း၊ အခင်းဖြစ်ချိန်တွင် မိသားစုမှာ နေအိမ်ရှေ့ရှိ ကုန်စုံဆိုင်တွင် ရှိနေစဉ် ကွယ်လွန်သူက ဓာတ်ဆီပုံးအား ယူဆောင်ကာ အိမ်နောက်ဘက်တွင် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ကာ သေဆုံးခြင်း ဖြစ်သည်ဟု ကနဦး သိရှိရကြောင်း သိရသည်။

သေဆုံးသူအား နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ ပေးပို့ထားကြောင်း၊ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ထုံးဖိုမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၁/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 














Copy Protected by Chetan's WP-Copyprotect.