သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ခန့်အပ်

သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ခန့်အပ်
Published 3 January 2018

သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်အား ခန့်အပ်တာဝန်ပေးအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ်ခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင်ပါရှိသည်။

နေပြည်တော် လယ်ဝေးတပ်နယ်၌ တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၁ ရက်ကကျင်းပရာတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် ၎င်းနေရာကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ကျင်းပသည့် နှစ် (၇၀) ပြည့် တပ်မတော် (လေ) နှစ်ပတ်လည်နေ့နှင့် Yak-130 အမျိုးအစား လေယာဉ်ခြောက်စင်းအပါအဝင် လေယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားသတင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်စဉ်က ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်ရာထူးဖြင့်သာရှိနေခဲ့ပြီး ယခုကဲ့သို့ ကာလတိုအတွင်း ဗိုလ်ချုပ်ကြီးဖြစ်လာခြင်းဖြစ်သည်။

“ဒါပေးလို့ရတယ်။ စီနီယာရာထူးကြီးတွေမှာ ပေးလို့ရတယ်။ အပေါ်ပိုင်းကျတော့ နှစ်ကာလမသတ်မှတ်တော့ဘဲနဲ့ စွမ်းဆောင်ရည်အကဲဖြတ်မှုပေါ်မှာ မူတည်သွားတာပေါ့နော်။ အဲဒီလိုပေးလို့ရတယ်” ဟု တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်သည့် စာရေးဆရာ နိုင်ငံရေးသုတေသီ ဒေါက်တာအောင်မျိုးက ပြောကြားသည်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်အား တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ်ကျော်စွာလင်းအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Most Read

Most Recent