ကျောက်ပန်းတောင်းတွင် ပျံကျဈေးသည်များ နေ့စဉ်စုဆောင်းငွေဖြင့် မ,တည် ဆောက်လုပ်ထားသည့် ဝါးကျောင်းဆောင် ဖွင့်လှစ်

ကျောက်ပန်းတောင်းတွင် ပျံကျဈေးသည်များ နေ့စဉ်စုဆောင်းငွေဖြင့် မ,တည် ဆောက်လုပ်ထားသည့် ဝါးကျောင်းဆောင် ဖွင့်လှစ်
Published 3 January 2018

ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ဝါးကျောင်းဆောင်အား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ပြင်ပနိုင်ငံများမှ ဝါးနှင့် ပတ်သက်သည့် အတတ်ပညာရှင်များ ကိုယ်တိုင်ပါဝင် တည်ဆောက်ထားသည့် ဝါးကျောင်းဆောင်ကို ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါးကျောင်းဆောင် ဖြစ်မြောက်ရေးအတွက် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပျံကျဈေးသည်များက တစ်ဦးလျှင် ကျပ် ၁၀၀ နှုန်း နေ့စဉ်စုဆောင်း ငွေများဖြင့် မ,တည်ကာ အခြားအလှူရှင်၊ စေတနာရှင်များ ထည့်ဝင်ငွေဖြင့် ဝါးကျောင်းဆောင်ကို ပြင်ပနိုင်ငံများမှ ဝါးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များကို ကိုယ်တိုင်ပါဝင် ဆောက်လုပ်ပေးခဲ့ပြီး ကုန်ကျငွေကျပ် အနေဖြင့် ကျပ်သိန်းပေါင်း ၂၅၀ ခန့် ကုန်ကျခဲ့ကြောင်း ပုပ္ပားတောင် ချစ်သူများအသင်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးတာဝန်ခံ ဦးအောင်ဟိန်းက ပြောကြားသည်။

“ရင်းနှီးမတည်တဲ့သူတွေက ကျောက်ပန်းတောင်းမြို့နယ် ပျံကျဈေးထဲက ဟင်းသီးဟင်းရွက်တို့၊ အသားငါးတို့ ခေါင်းရွက်ဗျပ်ထိုး ဈေးသူဈေးသားတွေ စေတနာမိုးဆိုပြီး တစ်နေ့ ၁၀၀ စုပြီး သူတို့ရဲ့ စုဆောင်းငွေနဲ့   မ,တည်ပြီး ဆောက်လုပ်တာ။ ဒီကျောင်းကြီးက အကြီးကြီးဗျ၊ ဝါးနဲ့ပတ်သက်တဲ့ ကျောင်းတွေထဲမှာ အကြီးဆုံးလောက်ရှိတယ်။ ကြားထဲမှာ အဲဒီကျောင်းဖြစ်ဖို့အတွက် ကူညီတာကတော့ အမေရိကန် အဖွဲ့တွေပါတယ်၊ Architect ကတော့ နယူးဇီလန်က၊ အဆောက်အအုံနဲ့ Structure ပိုင်းဆိုင်ရာကို အဓိက လုပ်သွားတာတော့ အင်ဒိုနီးရှားက ဝါးနဲ့ပတ်သက်တဲ့ အဆောက်အအုံ ကျွမ်းကျင်သူတွေ။ သူတို့တွေ ဒီကလူတွေကို Training ပေးရင်းနဲ့ ဝါးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ ဆောက်ပုံဆောက်နည်း သင်ပေးတယ်။ အတွင်းထဲက ပရိဘောဂတွေကို ရွှေနဒီပရဟိတ ဆရာတော်က ဦးစီးပြီး လုပ်တာပေါ့။ ဝါးအလုံးရေ သောင်းဂဏန်းရှိတယ်။ အဓိက,က အဲဒီဝါးတွေကလည်း နှစ်ရှည်ခံတယ်၊ သီအိုရီအရ ဝါးတွေ နှစ်ရာချီခံနိုင်အောင် ဝါးတွေအကုန်လုံးကို ဆေးစိမ်ထားပြီး ဖြစ်မှာပေါ့” ဟု ၎င်းက ပြောကြားသည်။

ဝါးကျောင်းဆောင်ကို ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိတ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ မြေဧက တစ်ဧကပေါ်တွင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခြင်း လုပ်ငန်းများတွင် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် တည်ဆောက်မှုကာလမှာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ပြီးခဲ့သည့် ဝါးကျောင်းဆောင်အပြင် ထပ်မံ၍ တည်ဆောက်ရန် ဝါးအဆောက်အအုံ နှစ်ခုကိုလည်း ဒီဇိုင်းရေးဆွဲထားပြီဖြစ်ပြီး ငွေကြေးအင်အား မတတ်နိုင်သေးသည့်အတွက် တည်ဆောက်ခြင်းလုပ်ငန်းများကို မစတင်နိုင်သေးကြောင်း ဦးအောင်ဟိန်းက  ပြောကြားသည်။

“မြေအကျယ်က စုစုပေါင်း တစ်ဧကလောက်ပဲ ရှိပါတယ်။ Architect က ဒီဇိုင်းဆွဲထားတာက အဆောက်အအုံ သုံးခုပေါ့နော်။ ဒီထက်သေးတဲ့ဟာတွေ နှစ်ခုပါတယ်။ အခုဟာက အကြီးဆုံး တစ်ခုပဲ ဆောက်ရသေးတယ်၊ ကျန်တဲ့နှစ်ခုကို မဆောက်နိုင်သေးဘူး။ အခုဟာကျတော့ Architect ဒီဇိုင်းဆွဲတဲ့ သင်တန်းခန်းမပေါ့နော်။ ရုံးခန်းအသေးလေး တစ်ခုပါမယ်၊ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အဆောင်ပေါ့။ အဲဒီလိုမျိုး ခန်းမသုံးခု ပါမယ်။ သင်တန်းခန်းမ တစ်ခုပဲ ဆောက်နိုင်သေးတာ၊ နောက်ထပ်ဆောက်ဖို့ရာကျ ဘုန်းဘုန်းက ငွေကြေး မတတ်နိုင်သေးလို့ မဆောက်နိုင်သေးဘူး။ ဒီဟာတောင်မှ ဈေးသူ၊ ဈေးသားတွေက စုဆောင်းငွေနဲ့ အချိန်ယူပြီး လုပ်ရတာပေါ့နော်။ စုစုပေါင်း တကယ်ကုန်သွားတာက ကျပ်သိန်း ၂၅၀ ဝန်းကျင်လောက် ကုန်သွားမှာ၊ နိုင်ငံခြားက အကူအညီ မပါသေးဘူး။ နိုင်ငံခြားက အကူအညီဆိုတာ သူတို့က နည်းပညာပဲ ပေးတာပါ။ တခြားအကူအညီ မပေးဘူး။ နည်းပညာ၊ ပညာရှင်တွေနဲ့ ဒီဇိုင်းပိုင်း ပေးတာပေါ့” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent