မုံရွာမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက် ပန်းမုန်လာ စိုက်ခင်းများတွင် ပိုးအချို့ ကျရောက်နေမှုကြောင့် တောင်သူများ အရှုံးပေါ်

မုံရွာမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက် ပန်းမုန်လာ စိုက်ခင်းများတွင် ပိုးအချို့ ကျရောက်နေမှုကြောင့် တောင်သူများ အရှုံးပေါ်
Published 3 January 2018

မုံရွာမြို့နယ်ရှိ ပန်းမုန်လာစိုက်ခင်း တစ်ခုကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက် ပန်းမုန်လာ စိုက်ခင်းများတွင် ပိုးအချို့ ကျရောက်နေမှုကြောင့် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

မုံရွာမြို့နယ်ရှိ ပန်းမုန်လာစိုက်ခင်းများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက် ဆက်တိုက် ပိုးရောဂါများ ကျရောက်နေကြောင်း၊ ကုန်ကျငွေနှင့် ရငွေမှာ မမျှတမှုမရှိကြောင်း ပန်းမုန်လာစိုက်ကြသည့် တောင်သူများ အရှုံးပေါ်နေကြောင်း ဆက်လက်သိရသည်။

“ပိုးသတ်ဆေးတော့ ဖျန်းနေရတယ်။ ဟိုတစ်နေ့ကတုန်းက အချိန်အခါမဟုတ် မိုးရွာသွန်းပြီးနောက်ပိုင်း တစ်လျှောက် မှိုရောဂါတွေ ကျနေတယ်။ ဆေးကတော့ ကျွန်တော်တို့ ပန်းမုန်လာစိုက်ခင်းတွေထဲမှာ ဖျန်းတာကတော့ ဆင်နာဂျီဆေးပဲ ဖျန်းနေတယ်။ ကုန်ကျစရိတ်က များပြီးတော့ ပန်းမုန်လာရောင်းရတဲ့ ငွေနဲ့တွက်ကြည့်ရင်တော့ အဆင်မပြေသေးဘူး။ အရောင်းအဝယ်ကတော့ အခုနေတုန်းမှာ ဈေးကောင်းနေတယ်။ ပေါ်စရာသီဆိုတော့ ဈေးနှုန်းကလည်း ကောင်းတယ်။ မိုးမရွာခင်က ပန်းမုန်လာ အထွက်က ကောင်းတယ်။ မိုးရွာပြီးနောက်ပိုင်းကျတော့ ပန်းမုန်လာအထွက်နှုန်းတွေက နည်းသွားတယ်” ဟု မုံရွာမြို့နယ် ပန်းမုန်လာစိုက်တောင်သူကို အောင်မျိုးဦးက ပြောကြားသည်။

အချိန်အခါမဟုတ် မိုးများဆက်လက် မရွာသွန်းခဲ့ပါက ပန်းမုန်လာစိုက်ခင်းများတွင် ကျရောက်နေသည့် ပိုးများအား ဆေးဖျန်း ခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အချိန်မဟုတ် မိုးဆက်လက် ရွာသွန်းခဲ့ပါက ပန်းမုန်လာစိုက်ခင်းများတွင် ကျရောက်နေသည့် ပိုးများအား ဆေးဖျန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း တောင်သူတစ်ဦးက ဆိုသည်။

“မိုးဆက်မရွာရင်တော့ ဆေးဖျန်းတာ နိုင်ပါတယ်။ မိုးဆက်ရွာရင်တော့ ဆေးဖျန်းတာ မနိုင်တော့ဘူး။ ဆေးဖျန်းတာက နိုင်တာများပါတယ်။ အနည်းနဲ့ အများကတော့ ပိုးကျတာတွေရှိပါတယ်။ ဈေးကွက်ကတော့ တွက်မရဘူး။ ဈေးကောင်းတဲ့နှစ်လည်း ရှိတယ်။ ဈေးကွက်မကောင်းတဲ့ နှစ်ကျတော့လည်း ပန်းမုန်လာ စိုက်ခင်းတွေကို ထွန်ယက်ဖြစ်ရတာပါ။ မနှစ်ကတော့ ဈေးကောင်းတယ်။ ဒီနှစ်ကျတော့ ဈေးကွက်အခြေအနေ ပြောမရဘူး။ ပိုးကျတာများရင် မှိုဆေးဖိုးက အများကြီးကုန်တယ်” ဟု တောင်သူတစ်ဦးက ပြောကြားသည်။

မုံရွာမြို့နယ်ရှိ ကျေးရွာအများအပြားတွင် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပြောင်းဖူး၊ ခဝဲသီး၊ ရုံးပတီသီး စသည့်ကုန် စိမ်းသီးနှံများ နှစ်စဉ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ အဆိုပါ ဒေသထွက် ကုန်စိမ်းသီးနှံများအား ပြည်တွင်းရှိ မြို့အချို့သို့ နေ့စဉ်တင်ပို့ ရောင်းချနေကြောင်း သိရသည်။

 

Most Read

Most Recent