ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိနိုင်ဟု ဆို

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိနိုင်ဟု ဆို
Published 3 January 2018

ပဲခူးတိုင်းအရှေ့ခြမ်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးမိသွားသော ပဲစိုက်ခင်းများကို ဇန်နဝါရီ ၁ ရက် ညနေပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ မြို့နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး စိုက်ပျိုးအောင်မြင်ပြီးသော ဆောင်းသီးနှံ ပဲစိုက်ခင်းများမှာ ထိခိုက်ပျက်စီး၍ အထွက်နှုန်းနှင့် ဈေးနှုန်းကျဆင်းမှု အခြေအနေများ ကြုံတွေ့နိုင်ကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

“မိုးက ညခင်းတုန်းက ရွာတယ်လေ။ ၂ နာရီထိုးလောက် ရွာလိုက်တော့ အပင်တွေလဲ ကုန်တာ။ ဒီနေ့တော့ နေသာတယ်၊ အပင်တွေလဲသွားပြီး ထပ်ကျသွားတယ်။ ဒီညဆက်ပြီး ရွာမယ်ဆိုလို့ရှိရင် အဲဒီပဲတွေက မှိုလည်းတက် လာမယ်၊ အစိတွေလည်း ကွဲကုန်တာပေါ့။ ကွဲကုန်ပြီးတော့ ခြွေလိုက်မယ်ဆိုလို့ရှိရင် ရောင်းဈေးမှာ ကောင်းကောင်းမရနိုင်တော့ဘူး” ဟု ညောင်လေးပင်မြို့နယ်မှ ပဲစိုက်တောင်သူ ဦးမင်းနိုင်က ဆိုသည်။

“အခုမိုးရွာပြီး စိုသွားလို့။ တအားစိုသွားရင် ပဲကပွသွားတယ်၊ ပွသွားပြီးတော့ မှိုတက်တယ်၊ မှိုပြီးလို့ရှိရင် သူက အဝါရောင်လိုက်တယ်၊ အဝါရောင်လိုက်တာထက် ပိုသွားရင် နယ်လိုက်လို့ရှိရင် ထက်ခြမ်းကွဲသွားတယ်၊ တချို့လည်း မှိုတွေဖြစ်သွားတာပေါ့။ အဲဒီလိုဆိုတော့ ရောင်းဈေး မကောင်းတော့ဘူးပေါ့” ဟု ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရေဖြူကန်ကျေးရွာမှ ပဲစိုက်တောင်သူ ဦးတင်ငွေက ဆိုသည်။

ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရွှေကျင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် မိုးရွာသွန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီခန့်တွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း မိုးများရွာသွန်းခဲ့ရာ မိုးရေချိန်လက်မဝက်ကျော် (၀ ဒသမ ၅၁)လက်မ ရွာသွန်းခဲ့ကြောင်း တောင်ငူမြို့ မိုးဇလရုံး မှတ်တမ်းများအရ သိရသည်။

ယခုဆောင်းရာသီ ကာလအတွင်း၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် မိုးဇလဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်က “အလယ်ပိုင်းမှာကတော့ တို့ဆီမှာ မရွာခင်ကတည်းက ရွာနေတာ၊ ပုဂံတို့၊ ညောင်ဦးတို့၊ ပခုက္ကူတို့။ ဒီလိုဖြစ်စဉ်တွေက အခုဆောင်းတွင်း တစ်ခုလုံးရော နွေရာသီရောက်တဲ့အထိ ရှိနေမှာ ဒီနှစ်က။ သဘောက ဘယ်လမှ မိုးမရွာတဲ့လရယ်လို့ ဒီနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ရှိမှာမဟုတ်ဘူး။ ပစိဖိတ်ဘက်က ဖြတ်တက်လာတဲ့ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းဆိုတာ၊ အဲဒီလေပွေလှိုင် းဖြစ်စဉ်တွေက လာနီညာ ဖြစ်တာနဲ့အတူ သာမန်နှစ်ထက် စာရင်စိပ်တယ်။ ခါတိုင်းနှစ်က ဒီဆောင်းတွင်းနဲ့ နွေဘက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ဝင်မယ့်အနေအထားရှိရင် အခုဆို သုံးလေးငါးကြိမ်ဝင်မယ်၊ ဘင်္ဂလားပင်လယ်အော်မှာကလည်း လေဖိအားနည်း ရပ်ဝန်းတွေက ရှိ နေမယ်။ ရှိနေမယ်ဆိုတော့ မိုးပေးတဲ့ဖြစ်စဉ် ခေါ်တာပေါ့။ မုန်တိုင်းကတော့ တို့ဘက်လာတဲ့ အနေအထားမျိုး မရှိဘူး။ မိုးပေးနိုင်မယ့် ဖြစ်စဉ်က သာမန်နှစ်တွေထက်စာရင် ကြိမ်ရေများမယ်။ အဲဒီတော့ ဒီဆောင်းတွင်းက အေးတစ်လှည့် နွေးတစ်လှည့်နဲ့ သွားမှာပဲ။ ဇန်နဝါရီမှာလည်း မိုးရွာနိုင်တယ်၊ ဖေဖော်ဝါရီမှာလည်း ရွာနိုင်တယ်၊ မတ်လမှာလည်း ရွာနိုင်တယ်၊ လွတ်လွတ်ကျွတ်ကျွတ်ကြီး လုံးဝမိုးကင်းတဲ့လမျိုး၊ အနေအထားမျိုး မတွေ့ရဘူး” ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ယခုနှစ်ဆောင်းရာသီ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန် ကာလများအတွင်း၌ အအေးပေါ့၍ မိုးများအုံ့ဆိုင်းနေခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများကြောင့် စပါးရိတ်သိမ်းချိန်များတွင် ပျက်စီးမှု ကြုံတွေ့ရခြင်း၊ ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပျက်စီးခြင်းတို့ ကြုံတွေ့ကာ အထွက်နှုန်းကျဆင်းမှုများ ကြုံတွေ့ရကြောင်း၊ ထို့ပြင် အမှန်တကယ် စိုက်ပျိုးစရိတ် လိုအပ်သည့် ထွန်ယက်စိုက်ပျိုးရေး လုပ်ကိုင်ချိန်၌ စိုက်ပျိုးရေးဘဏ်များမှ ချေးငွေထုတ်ချေးရာတွင်လည်း အချိန်မီ ထုတ်ချေးပေးနိုင်မှု မရှိခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုး ကြသူများအတွက် အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း တောင်သူများက ပြောကြားသည်။

 

Most Read

Most Recent