<

ဂုတ်တွင်းလမ်း ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာမှ ကားလမ်းပြန်ပွင့် သွားသော်လည်း ပုံမှန်အတိုင်း သွားလာ၍ မရသေးပဲ စောင့်ဆိုင်းသွားလာနေကြရ

မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ၂၀၁၇ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အစီးရေထောင်ချီခန့်ထိ လမ်းပြန်ပွင့်ချိန်အား စောင့်ဆိုင်းခဲ့ကြရကာ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အတက်အဆင်းယာဉ်များအား အလှည့်ကျစနစ်ဖြင့် ဖြတ်သန်းသွားလာခွင့် ပေးနေကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းသွားလာခွင့်များ ပြုနေသော်လည်း ဇန်န၀ါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အတက်အဆင်းယာဉ်များ ကျော်တက်ကာ မောင်းနှင်နေမှုများ ရှိနေခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

“ကျွန်တော်တို့ မန္တလေးဘက်ကနေ လာတာ နောင်ချိုကို မနက် (၇)နာရီလောက် ကတည်းက ရောက်တယ်။ အခုနေ့လယ် ၁ နာရီထိ ဂုတ်တွင်းကို မဖြတ်ရသေးဘူး။ ကားတွေက တစ်စီးနဲ့တစ်စီး အလုအယက် ကျော်တက်နေကြတာကို တွေ့ရတယ်။ ဒါကြောင့် လမ်းတွေက ပြန်ပိတ်ကုန်တယ်။ ပုံမှန်အတိုင်း မောင်းနှင်လို့ မရသေးဘူး။ အခုတော့ လားရှိုးဘက်ကလာတဲ့ ခရီးသည်တင် ယာဉ်ငယ်လေးတွေကို အလှည့်ကျ လွှတ်နေတာ တွေ့ရတယ်” ဟု မန္တလေးမှ လားရှိုးသို့ သွားရောက်မည့် ခရီးသွားတစ်ဦးဖြစ်သူ ကိုသန်းဇော်လွင်က ပြောသည်။

ဇန်န၀ါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဂုတ်တွင်းလမ်း တစ်ဖက်စီရှိ နောင်ချိုဘက်ခြမ်းနှင့် နောင်ပိန်ဘက်ခြမ်းတွင် ကုန်တင်ယာဉ်ကြီးများ ခရီးသည်တင်ယာဉ်များ ဂုတ်တွင်းလမ်းအား ဖြတ်သန်းသွားလာရန် စောင့်ဆိုင်းနေကြရဆဲ ဖြစ်ခြင်းကြောင့် ယာဉ်ရပ်နားသည့် နေရာများတွင် စားသောက်ရေး အဆင်မပြေမှုများ ကြုံတွေ့နေရသဖြင့် နောင်ပိန်ကျေးရွာမှ စေတနာရှင် အလှူရှင်များနှင့် ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းမှ ထမင်းထုပ်များ အလှူဒါနပြုကာ ပေးဝေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဂုတ်တွင်းကားလမ်း ပိတ်တဲ့နေ့တွေမှာ ခရီးသည်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ စားဖို့ ထမင်းထုပ်တွေ လှူနေပါတယ်။ ၁ ရက်နေ့မှာ ထမင်းထုပ် ၁၀၀၀ ကျော်နဲ့ ရေသန့်ဗူးတွေ လှူတယ်။ ဒီနေ့ ဇန်န၀ါရီ ၂ ရက်နေ့မှာလဲ ထမင်းထုပ်ပေါင်း ၁၀၀၀ ကျော်ပေးဝေဖို့ လုပ်နေပါတယ်” ဟု ဂုတ်တွင်းလမ်း ကားလမ်းပိတ်နေချိန်တွင် ထမင်းထုပ်များ ပေးဝေခဲ့သူ နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က ပြောသည်။

ခရီးသည်တင်ယာဉ်များ ကုန်တင်ယာဉ်များမှာ ဂုတ်တွင်းလမ်းအတွင်း ဖြတ်သန်းသွားလာမှု မပြုမီ လမ်းပိတ်ဆို့မှု ဖြစ်ပွားသည့်အခါ ရောက်သည့်နေရာတွင် ရပ်တန့်စောင့်ဆိုင်း နေကြရခြင်းကြောင့် စားသောက်ဆိုင်များနှင့် ဝေးကွာသော နေရာများတွင် အချိန်အတန်ကြာ စောင့်ဆိုင်းနေရပါက ၀ယ်စားရန် အခက်အခဲများ ရှိနေသဖြင့် စေတနာရှင် အလှူရှင်များက ထမင်းထုပ်များ၊ ရေသန့်များ၊ အစားအသောက်များ ပေးဝေနေကြကြောင်း သိရသည်။

“အခု မန္တလေးဘက်ဆင်းတဲ့ ကားတွေကတော့ အလှည့်ကျ လွှတ်ပေးနေတာ ကုန်သလောက် ရှိသွားပါပြီ။ အတက်ကားတွေ စလွှတ်တော့မှာပါ။ ဒီပုံစံအတိုင်း ပုံမှန်သွားလာနိုင်ရင်တော့ ညနေပိုင်းလောက်မှာ ဂုတ်တွင်းလမ်းက ပုံမှန်အတိုင်း သွားလာနိုင်လောက်မယ်လို့ ထင်ပါတယ်” ဟု ဂုတ်တွင်းလမ်းတွင် စောင့်ဆိုင်းနေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ဂုတ်တွင်းလမ်းတွင် ကားများပိတ်နေမှုကြောင့် ခရီးသည်တင် ယာဉ်လိုင်းများ ပုံမှန်အချိန်အတိုင်း သွားလာနိုင်မှု မရှိကြပဲ လားရှိုးမြို့တွင်လည်း လေယာဉ်လက်မှတ်များ၊ မီးရထားလက်မှတ်များ ၀ယ်ယူသူ များနေပြီး မော်တော်ကား လက်မှတ်ခများလည်း ဈေအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

January 2, 2018














Copy Protected by Chetan's WP-Copyprotect.