အမျိုးသမီးအသင်းနည်းပြ ထပ်မံရှာဖွေပေးရန် JFA အား MFF တောင်းဆို

အမျိုးသမီးအသင်းနည်းပြ ထပ်မံရှာဖွေပေးရန် JFA အား MFF တောင်းဆို
Published 2 January 2018

 

မြန်မာအမျိုးသမီးအသင်းအား MFF က ပြုလုပ်သည့် လက်ရွေးစင်အသင်းများတွေ့ဆုံပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းထက်အောင်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ အကူအညီဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန် ကြိုးပမ်းလျက်ရှိပြီး နည်းပြသစ်တစ်ဦး ထပ်မံရှာဖွေပေးရန် ပြန်လည်တောင်းဆိုထားကြောင်း သိရသည်။

MFF သည် JFA ၏ အကူအညီဖြင့် မြန်မာအမျိုးသမီးအသင်းအတွက် သင့်လျော်သည့်နည်းပြတစ်ဦးရရှိထားပြီး ဇန်နဝါရီပထမပတ်အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဟု အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်ရာထူးအတွက် MFF နည်းစနစ်ကော်မတီက အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီးနောက် အခြားနည်းပြတစ်ဦး ထပ်မံရှာဖွေ ပေးရန် JFA ထံ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ MFF နည်းစနစ်ကော် မတီသည် အမျိုးသမီးအသင်းများအား ကိုင်တွယ်ဖူးသည့် နည်းပြကိုသာ ခန့်အပ်ရန် ဆန္ဒရှိသောကြောင့် အမျိုးသမီးအသင်းများ ကိုင်တွယ်ဖူးသည့် ဂျပန်နိုင်ငံသားနည်းပြကိုသာ စေလွှတ်ပေးရန် ထပ်မံတောင်းဆိုထားသည်။ ထို့ကြောင့် JFA အနေဖြင့် MFF ၏ တောင်းဆိုမှုအတိုင်း မြန်မာအမျိုးသမီးအသင်းနှင့် သင့်လျော်သည့် ဂျပန်နိုင်ငံသားနည်းပြတစ်ဦး ထပ်မံ ရှာဖွေပေးလျက်ရှိကြောင်း သိရသည်။ MFF သည် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲအပြီးတွင် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာ နှင့် လမ်းခွဲပြီးနောက် နိုင်ငံခြားသားနည်းပြတစ်ဦး အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပြန်လည်ဖွဲ့စည်းထားခြင်း မရှိသော်လည်း ဂျပန်နိုင်ငံသားနည်းပြအား တာဝန်ပေးခန့်အပ်ပြီးပါက ဖေဖော်ဝါရီလဆန်းမှစ၍ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း  အာဆီယံအမျိုးသမီး ချန်ပီယံရှစ်နှင့် အာရှအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent