ကမ္ဘာ့အကောင်းဆုံး ဖူဆယ်နည်းပြဆု ဆန်ခါတင်စာရင်းတွင် မြန်မာဖူဆယ်နည်းပြ ဦးဌေးမြင့် ပါဝင်

ကမ္ဘာ့အကောင်းဆုံး ဖူဆယ်နည်းပြဆု ဆန်ခါတင်စာရင်းတွင် မြန်မာဖူဆယ်နည်းပြ ဦးဌေးမြင့် ပါဝင်
Published 2 January 2018

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့် (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဖူဆယ်လက်ရွေးစင်အသင်းနည်းပြဆု (Umbro Futsal Awards Best National Team Coach of the World 2017) အတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကို Futsal planet.com ဝက်ဘ်ဆိုက်က ထုတ်ပြန်ကြေညာရာ မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့် ပါဝင်နေကြောင်း သိရသည်။

Futsalplanet.com သည် ဖူဆယ်အားကစားနည်းနှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာဆုများကို ၂၀၀၀ ပြည့်နှစ်မှစ၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ Futsalplanet.com သည် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကောင်းဆုံး ဖူဆယ်ကစားသမားဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်ဂိုးသမားဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်လက်ရွေးစင်အသင်းနည်းပြဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်အသင်းဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်ကလပ်အသင်းနည်းပြဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်ကလပ်အသင်းဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်လူငယ်ကစားသမားဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်ဒိုင်လူကြီးဆု၊ ကမ္ဘာ့အကောင်းဆုံး ဖူဆယ်အမျိုးသမီးကစားသမားဆုများ ပေးအပ်ချီးမြှင့်လျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွက် လျာထားသည့် ကမ္ဘာ့အကောင်းဆုံး ဖူဆယ်လက်ရွေးစင်အသင်းနည်းပြဆု ဆန်ခါတင် ၁၀ ဦး စာရင်းတွင် စပိန်နိုင်ငံသားသုံးဦးနှင့် ဘရာဇီးလ်၊ အီရန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ မလေးရှား၊ ပိုလန်နှင့် မြန်မာနိုင်ငံသား တစ်ဦးစီပါဝင်နေကြောင်း သိရသည်။ ဦးဌေးမြင့်သည် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ကျင်းပသည့် ၂၀၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသားဖူဆယ်အသင်းအား ဒုတိယ ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့ပြင် ဦးဌေးမြင့်သည် ၂၀၁၇ အာဆီယံ ဖူဆယ်ချန် ပီယံရှစ်ပြိုင်ပွဲတွင်လည်း  မြန်မာအမျိုးသား ဖူဆယ်အသင်းအား တတိယဆုရရှိအောင် ထပ်မံစွမ်းဆောင်ပေးပြီး ၂၀၁၈ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိစေခဲ့သည်။ ဦးဌေးမြင့်သည် ယင်းပြိုင်ပွဲနှစ်ခုတွင် ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမြဲတမ်းနည်းပြချုပ်အဖြစ် ဆက်လက်တာဝန်ယူကာ ဒီဇင်ဘာ ၄ ရက်မှစ၍ ကစားသမား ၁၈ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။

Most Read

Most Recent