အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးကြောင့် မန္တလေးမြို့ အနောက်ဘက်ရှိ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးသည့် စိုက်ခင်းများ ရောဂါပိုးများကျရောက်

အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးကြောင့် မန္တလေးမြို့ အနောက်ဘက်ရှိ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးသည့် စိုက်ခင်းများ ရောဂါပိုးများကျရောက်
Published 2 January 2018

အချိန်အခါ မဟုတ်သောမိုးကြောင့် စိုက်ခင်းထဲမှ သီးနှံများ ပျက်စီးနေသည်ကို တွေ့ရစဉ်

မန္တလေးမြို့ အနောက်ဘက်ရှိ  ရှမ်းလေးကျွန်းစံပြကျေးရွာ၊ ယဉ်တော်ရွာ ကျေးရွာအုပ်စု စသည့်ကျေးရွာ အုပ်စုများရှိ တောင်သူများသည် ဧရာဝတီမြစ်ရေကျချိန်တွင် ဆောင်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးကြောင့် စိုက်ခင်းများ ရောဂါပိုးများ ကျရောက်လျက်ရှိကြောင်း တောင်သူများထံက သိရသည်။

ဧရာဝတီမြစ်ရေ ကျဆင်းချိန်၌ ဒေသခံတောင်သူများက မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံဖြစ်သည့် မြေပဲ၊ ပြောင်း၊ ဖရဲသီးနှင့် ပဲမျိုးစုံကို စိုက်ပျိုးလျက်ရှိရာမှ  ပြီးခဲ့သည့် ရက်ပိုင်းကစတင်၍ အချိန်အခါမဟုတ် ရွာသွန်းသည့် မိုးများကြောင့်  စိုက်ခင်းများတွင် ရွက်ဖြတ်ပိုး၊ ပိုးနီလုံး စသည့်ရောဂါပိုးများ ကျဆင်းနေသဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပိုးသတ်ဆေးများ သုံးစွဲနေရကြောင်း ယဉ်တော်ရွာ ကျေးရွာအုပ်စုမှ တောင်သူ ဦးမင်းအောင်က ပြောကြားသည်။

“ဒီလို မိုးမှာက အန္တရာယ်ပြုတယ်။ ပိုးနီလုံးနဲ့ ရွက်ဖြတ်ပိုးတွေက တအားစားတာ၊ မိုးက ရွာလိုက်ရင် တော်သေးတယ်။ လုံးလုံးမရွာဘဲ ခုလိုအုံ့နေတော့ ပိုးသတ်ဆေး တအားလိုက်ရတယ်။ မိုးခါးတွေပါတော့ ရွက်ဖြတ်ပိုးတွေကျတယ်။ တောင်သူတွေက မိုးခါးတို့၊ နှင်းခါးတို့ပါမှာတော့ စိုးရိမ်တယ်။ စိုက်ခင်းတွေ  ပိုးတအားကြီးကျလို့” ဟု ဦးမင်းအောင်က ပြောကြားသည်။

တောင်သူများအနေနဲ့ ယင်းကဲ့သို့ သီးနှံများ ပိုးကျသောကြောင့် ပိုးသတ်ဆေးများစွာ သုံးစွဲနေသဖြင့် တွက်ခြေမကိုက်မှုများ ဖြစ်ပေါ်နေသဖြင့် ပိုးသတ်ဆေးများအား တောင်သူများထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးစေလိုကြောင်း၊ မန္တလေးမြို့ အနောက်ဘက်ရှိ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးသည့် တောင်သူများ အနေဖြင့် ယမန်နှစ်က ယခုကဲ့သို့ စိုက်ခင်းများ ပိုးကျသောကြောင့်  ပိုးသတ်ဆေး များစွာ သုံးစွဲခဲ့ရသဖြင့် စိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း၊ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်၌ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးချိန် ကျရောက်သည့် အချိန်အခါတွင် ဧရာဝတီမြစ်ရေကြီးခြင်း၊ မိုးရွာသွန်းမှုများကြောင့် ယမန်နှစ်များထက် နောက်ကျ၍ စိုက်ပျိုးရကြောင်း တောင်သူ ဦးမင်းအောင်က ဆက်လက်ပြောကြားသည်။

“မနှစ်က ပိုးသတ်ဆေးက အဆမတန် ဈေးပေးပြီး ဝယ်ရတဲ့အခါရယ်၊ အောက်က ပိုးဥကမနိုင်တော့  မျိုးကသိပ်မထွက်တော့ အရှုံးပြတယ်။ ဒီနှစ်က ခန့်မှန်းလို့မရသေးဘူး။ ဘာလို့လဲဆိုတော့  ပုံမှန်ဆို  ဒီပေါ်တွေမှာ တန်ဆောင်မုန်းဆန်ဆန်ခြင်း စိုက်တယ်။ ခုက တန်ဆောင်မုန်းမှာ မစိုက်ရဘူး။ ရေကတိုး၊ မိုးတွေကရွာတော့ နတ်တော်လမှ စိုက်ရတယ်” ဟု ၎င်းက ပြောကြားသည်။

ဧရာဝတီမြစ်ရေ ကျဆင်းချိန်၌ ယင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာများမှ တောင်သူများသည်  မြေနုကျွန်းပေါ်များတွင် အောက်တိုဘာ၊ နိုဝင်ဘာလ အတွင်းမှ စတင်ကာ သီးနှံများ စိုက်ပျိုးထုတ်လုပ်၍ မန္တလေးမြို့သို့ အဓိကထား တင်ပို့ရောင်းချကြကြောင်း တောင်သူများထံက သိရသည်။

Most Read

Most Recent