လက်ပံတောင်းတောင် ကြေးနီအတွင်း သတ္တုထုတ်လုပ်သည့် အလုပ်သမား ၄၀၀ ကျော်က လုပ်ငန်းအား ယာယီရပ်စဲ

လက်ပံတောင်းတောင် ကြေးနီအတွင်း သတ္တုထုတ်လုပ်သည့် အလုပ်သမား ၄၀၀ ကျော်က လုပ်ငန်းအား ယာယီရပ်စဲ
Published 2 January 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း  သတ္တုထုတ်လုပ်သည့် အလုပ်သမား ၄၀၀ ကျော်က ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် လုပ်ငန်းအား ယာယီရပ်စဲခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဘက်က တာဝန်ရှိသူများက အလုပ်သမားများအား ယူနီဖောင်း မပြည့်စုံသည့်အတွက် လုပ်ငန်းခွင်အား ပေးမဝင်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများကလည်း ကြေးနီစီမံကိန်းမှ တာဝန်ရှိသူများကို ယူနီဖောင်းပြည့်စုံ လုံလောက်အောင် ထုတ်ပေးထားခြင်း မရှိဟုဆိုကာ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်က ဖြစ်သွားတဲ့ ကိစ္စမှာကတော့ PPTE ပေါ့ဗျာ။ ဝန်ထမ်းတွေကို ယူနီဖောင်း မပြည့်စုံတဲ့အတွက် လုပ်ငန်းခွင်ကို ဝင်ခွင့်မပြုဘူးလို့ သတ်မှတ်တယ်။ အဲဒီတော့ ဝန်ထမ်းတွေ ဘက်ကလည်း မင်းတို့ဘက်က PPTE ကို ပြည့်စုံအောင် ထုတ်မပေးတဲ့ အတွက်ကြောင့် ငါတို့ကလည်း လုပ်ငန်းကို မဝင်နိုင်ဘူးဆိုပြီး ဝန်ထမ်းတွေက အလုပ်မလုပ်ဘဲ အကုန်လုံးက ပြန်လာခဲ့တယ်။ ကျွန်တော်တို့ သတ္တုတူးဖော်ရေးကို လုပ်တယ်။ တူးဖော်ရေးကို ကျွန်တော်တို့က ရပ်လိုက်တာပါ။ ကျွန်တော်ဆီမှာကတော့ စက်ယန္တရားတွေနဲ့ လုပ်တဲ့ ဝန်ထမ်းတွေက များတာပါ။ ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကြား ညနေမှာ ဆွေးနွေးသွားမှာပါ” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသွားသည်။

ထို့ပြင် ကုမ္ပဏီဘက်က အလုပ်သမားများကို လုပ်ငန်းခွင် ဝင်နိုင်ရေးအတွက် ကတ်ထုတ်ပေးထားကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက ကတ်ထုတ်ပေးထားသည့် အလုပ်သမားများအနက် အလုပ်သမား တစ်ယောက်မှာ ကတ်ပျောက်ဆုံး သွားသည့်အတွက် ကုမ္ပဏီထံ သွားရောက်ကာ ကတ်ထုတ်ပေးရေးအတွက် တောင်းဆိုခဲ့သော်လည်း ကတ်တစ်ခုအတွက် ကျပ်တစ်သိန်းပေးရန် ကုမ္ပဏီဘက်မှ ငွေတောင်းခံမှုလည်း ရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကုမ္ပဏီဘက်က အခုထိ ကျွန်တော်တို့ကို အကြောင်းမပြန်သေးဘူးဗျ။ ဝမ်ပေါင်ကုမ္ပဏီသည် နိုင်ငံတော်နဲ့ တရားဝင် စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီပါ။ ရင်းနှီးမြုပ်နှံမှု ဥပဒေကို လက်တလုံးခြား လုပ်ထားပြီး ဆပ်ကန်ထရိုက်တွေနဲ့ ဆွဲထားတာတွေရှိတယ်။ ဆပ်ကန်ထရိုက်တွေကို အုပ်ချုပ်မှုကွပ်ကဲမှု အပေါ်မှာ ဝမ်ပေါင်ကုမ္ပဏီက ညံ့တယ်။ ပြီးတော့ ဆပ်ကန်ထရိုက်တွေ အကုန်လုံးကလည်း တရုတ်ကုမ္ပဏီတွေ ဖြစ်နေတယ်။ စီးပွားရှာမှုနဲ့ အလေးထား ဇောင်းပေးနေတဲ့ ဆပ်ကန်ထရိုက်တွေ ဖြစ်နေတယ်” ဟု ဆားလင်းကြီးမြို့နယ် သတ္တုတွင်း အလုပ်သမားရေးရာအဖွဲ့မှ အတွင်းရေးမှူး ဦးစောနိုင်က ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဝမ်ပေါင်ကုမ္ပဏီ၏ လက်အောက်ခံရှိ ဆပ်ကန်ထရိုက်များသည် လုပ်ငန်းခွင်လုံခြုံရေး၊ ကျန်းမာရေးများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စသည့်အချက်များအား အလေးပေး လိုက်နာဆောင်ရွက်သည့် ကုမ္ပဏီမျိုး မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီအတွင်း သတ္တုထုတ်လုပ်သည့် အလုပ်သမား ၄၀၀ ကျော်က လုပ်ငန်းအား ယာယီရပ်စဲခဲ့သည့် အလုပ်ခွင်မှာ စီနိုကုမ္ပဏီပိုင် အတွင်းသာ ဖြစ်ကြောင်း၊ ၎င်းစီနိုကုမ္ပဏီသည် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီသာဖြစ်ကြောင်း မြစ်ဆုံရေကာတာ စီမံကိန်း ရပ်စဲပြီးနောက် နားလည်မှုအရ ကြေးနီထုတ်လုပ်ခွင့် ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent