မြဝတီမြို့မအားကစားကွင်းအား အဆင့်မြှင့်ပြုပြင်မှု သတ်မှတ်ကာလထက် ကိုးလကျော်လာသော်လည်း လုပ်ငန်းအပြီးသတ်နိုင်မှု မရှိသေး၍ အားကစားပွဲတော်များကျင်းပရန် အခက်အခဲဖြစ်နေ

မြဝတီမြို့မအားကစားကွင်းအား အဆင့်မြှင့်ပြုပြင်မှု သတ်မှတ်ကာလထက် ကိုးလကျော်လာသော်လည်း လုပ်ငန်းအပြီးသတ်နိုင်မှု မရှိသေး၍ အားကစားပွဲတော်များကျင်းပရန် အခက်အခဲဖြစ်နေ
Published 2 January 2018

မြဝတီမြို့အားကစားကွင်းအား တာဝန်ရှိသူများက လာရောက်စစ်ဆေးစဉ်

မြဝတီ မြို့မအားကစားကွင်း အဆင့်မြှင့် ပြုပြင်တည်ဆောက်မှုလုပ်ငန်းများ သတ်မှတ်ကာလထက် ကိုးလထိကျော်လာသော်လည်း အပြီးသပ်နိုင်မှု မရှိသေး၍ အားကစားပွဲတော်များ ကျင်းပနိုင်ရန် အခက်အခဲရှိနေကြောင်း မြဝတီခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

“မြို့မအားကစားကွင်းကို စပြီး အဆင့်မြှင့်ပြုပြင်တာက ၂၀၁၆ ဇွန် ၉ ရက် ၊၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ဆိုတော့ ၂၀၁၇ မတ်မတိုင်ခင် အပြီးအပ်ရမှာပေါ့။ သတ်မှတ်ကာလထက် လပေါင်းများစွာ ကျော်လာပေမယ့် အပြီးသတ် အပ်နိုင်ခြင်းမရှိတဲ့အတွက် အားကစားပွဲတွေ အထူးသဖြင့် ဘောလုံးပေါ့။ ကျင်းပတဲ့နေရာ အခက်အခဲ ရှိနေပါတယ်” ဟု ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ဖြစ်သော မတ် ၃၁ ရက်တွင် ပြီးစီးမှုအပ်နှံရန် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ချုပ်ဆိုထားသော်လည်း  ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လုပ်ငန်း ပြီးစီးနိုင်ခြင်းမရှိ၍ မိုးရာသီဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပနိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲများတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

မြဝတီမြို့မအားကစားကွင်းကို ခေတ်မီအားကစားကွင်းအဖြစ် အကြီးစားပြင်ဆင်မှု ပြုလုပ်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်သိန်း ၉၀၀ ကျပ်ဖြင့် G.Z.T.B Co.Ltd က တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိပြီး ၂၀၁၆ ခုနှစ် ဇွန် ၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကာ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် လုပ်ငန်းပြီးစီးအပ်နှံရမည်ဟု ကုမ္ပဏီနှင့် ကရင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ချုပ်ဆိုထားသောစာချုပ်အရ သိရသည်။

ယင်းကုမ္ပဏီမှ လုပ်ကိုင်ခွင့်အရ အဆင့်မြင့် ဘောလုံးကစားကွင်း (၄၄၆'x၂၂၅') ပေ၊ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များဖြစ်သော မြဝတီမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးသိုင်းထွန်းဇော်နှင့် စိစစ်ရေး ကော်မတီဝင်များက ဒီဇင်ဘာ ၂၉ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အားကစားကွင်းလုပ်ငန်းပြီးစီးမှု အခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ဂရုစိုက်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့အတွက် မြက်ပင်အများစုသေနေတာကို  တွေ့ရသလို  ရေထွက်မြောင်းတွေလည်းလည်း ကောင်းမွန်ခြင်း မရှိသေးပါဘူး။ မီတာ ၄၀၀ ပြေးလမ်းကတော့ အချောသပ်ပြုလုပ်ဖို့ ကျန်ရှိနေတာ တွေ့ရပါတယ်။ ဘောလုံးဂိုးတိုင်ချိတ်တွေလည်း တပ်ဆင်ထားတာလွဲမှားနေတဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်”ဟုပြောကြားသည်။

ဘောလုံးကွင်းပြင်ပ ရေမြောင်းအဖုံးများ တပ်ဆင်ရန်ကျန်ရှိခြင်း၊  အဆိုပါကုမ္ပဏီမှာ အခြားဆောက်လုပ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်ပြီး ဘောလုံးကွင်းတည်ဆောက်ရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအားနည်းကြောင်းလည်း ၎င်းကဖြည့်စွက်ပြောကြားသည်။

ဘောလုံးကွင်းအတွင်း မြက်ရိုင်းများ ပေါက်ရောက်နေခြင်းမှာ ပြင်ပမြေများ ဖြည့်ထည့်ရခြင်းကြောင့်ဖြစ်ပြီး ကောင်းမွန်သည့် ဘောလုံးကွင်းဖြစ်လာစေရန် အထပ်ထပ် ဖြည့်စွက်ပြုပြင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။

Most Read

Most Recent