ထားဝယ်ခရိုင်အတွင်းရှိ ကမ်းနီးလှေများ လှေလိုင်စင်နှင့် ငါးဖမ်းလိုင်စင်များရရှိခြင်း မရှိသေးသောကြောင့် ပင်လယ်ပြင်အတွင်း၌ အချိန်မရွေး ဖမ်းဆီးခြင်းခံရနိုင်မှုအပေါ် စိုးရိမ်နေဟု ဆို

ထားဝယ်ခရိုင်အတွင်းရှိ ကမ်းနီးလှေများ လှေလိုင်စင်နှင့် ငါးဖမ်းလိုင်စင်များရရှိခြင်း မရှိသေးသောကြောင့် ပင်လယ်ပြင်အတွင်း၌ အချိန်မရွေး ဖမ်းဆီးခြင်းခံရနိုင်မှုအပေါ် စိုးရိမ်နေဟု ဆို
Published 2 January 2018

ထားဝယ်ခရိုင် အတွင်းရှိ ကမ်းနီးလှေတစ်စင်း ပင်လယ်ပြင်မထွက်ခွာမီ ကြိုတင်ပြင်ဆင်နေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ မိရိုးဖလာမျှောပိုက် (ကမ်းနီး) လှေများအနေဖြင့် ယခုအချိန်ထိ လှေလိုင်စင်နှင့် ငါးဖမ်းလိုင်စင်များ ရရှိခြင်း မရှိသေးသောကြောင့် ပင်လယ်ပြင်အတွင်း၌ တာဝန်ရှိသူများ၏ အချိန်မရွေး ဖမ်းဆီးခြင်းခံရနိုင်မှုအပေါ် စိုးရိမ်နေရပြီး လိုင်စင်အမြန် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တောင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ထားဝယ်ခရိုင်အတွင်း အကြီးဆုံး ငါးဈေးကွက်ဖြစ်သော သဘော့ဆိပ်-ပြင်ကြီးမိရိုးဖလာ မျှောပိုက်လှေများ အသင်းနှင့် မောင်းမကန် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကမ်းနီးမျှောပိုက် လှေလုပ်ကိုင်သူများက မီဒီယာများအား ရှင်းလင်းခဲ့သည်။

မိရိုးဖလာ မျှောပိုက်လှေများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ငါးဖမ်းလိုင်စင်များ ချထားပေးခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အစမှ စတင်ကာ ငါးလုပ်ငန်းဦးစီးဌာနက လှေလိုင်စင်နှင့် ငါးဖမ်းလိုင်စင်များ ထပ်မံခွင့်ပြုပေးခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့သောကြောင့် ဒေသခံ ကမ်းနီးငါးဖမ်းလှေများ အနေဖြင့် အခက်ကြုံနေရပြီး ပင်လယ်ပြင် အတွင်း၌ အချိန်မရွေး ဖမ်းဆီးခံရနိုင်မှုအပေါ် စိုးရိမ်နေရကြောင်း၊ ထို့ကြောင့် ဒေသခံ မိရိုးဖလာ မျှောပိုက်လှေများအား လိုင်စင်များအမြန်ဆုံးချထားပေးရန်နှင့် လိုင်စင်ချထားပေးနိုင်ခြင်းမရှိသေးပါက ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံချက် တစ်စုံတစ်ရာ ပြုလုပ်ပေးထားရန် လိုအပ်နေကြောင်း သဘောဆိပ်-ပြင်ကြီး မိရိုးဖလာ မျှောပိုက်လှေများ အသင်းထံမှ သိရသည်။

“အခုလက်ရှိ ကျွန်တော်တို့မှာ လှေဂရန် စက်ဂရန်ရှိတယ်။ ငါးဖမ်းလိုင်စင် (လုပ်ငန်း လိုင်စင်) မရှိဘူး။ ငါးဖမ်းလိုင်စင် မရှိဘူးဆိုရင် တရားမဝင်ဘူးဗျ။ ဒါပေမဲ့ တရားမဝင်ဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့က ဖမ်းနေတာပဲ။  အခုသတင်းကြားလာရတာက ၂၀၁၈ ၁ လပိုင်း ၁ ရက်နေ့မှာ စပြီးတော့ ပင်လယ်ပြင်မှာ စစ်ဆေးတော့မယ် ဆိုပြီးတော့ သတင်းကြားလာတဲ့ အချိန်မှာ ကျွန်တော်တို့က စိုးရိမ်လာတယ်။ အရင်ကလည်း ဟိုနားမှာဖမ်းလိုက် ဒီနားမှာဖမ်းလိုက် စစ်ဆေးလိုက်ဆိုတာ ကြားနေရတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က လုပ်ငန်းလိုင်စင်လေးကို ချပေးစေချင်တယ်။ အခုလောလောဆယ် ဥပဒေပြုနေတဲ့ အချိန်မှာ မရသေးပေမယ့်လည်း ဒေသန္တရအမိန့်လေး တစ်ခုနဲ့ပေါ့ဗျာရသလောက်ပေါ့။ အေးအေးဆေးဆေး ပင်လယ်ထဲမှာ အလုပ်လုပ်လို့ရအောင် လုပ်ပေးစေချင်တယ်။ အခုက သတင်းကြားတာနဲ့ ဖမ်းမှာလား။ လှေတွေ မထွက်ရတော့ဘူးလား။ (ငါး) မဖမ်းရတော့ဘူးလား၊ ဒါကိုစိုးရိမ်မိတာပေါ့။ ထွက်မယ်ဆိုလည်း ဖမ်းလိုက်မလား။ နားနေလို့လည်း မရဘူး။အဲဒီလိုဖြစ်နေတာပေါ့။ လိုင်စင်မရှိဘဲနဲ့ ဖမ်းနေတာတော့ အခုလောလောဆယ် (ဖမ်းဆီးတာ) မကြုံတွေ့ရသေးဘူး။ ဘာမှအခက်အခဲတော့ မရှိသေးဘူးပေါ့။ သတင်းတွေကြားရတော့ စိုးရိမ်နေရတာပေါ့။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာတော့ ကျွန်တော်တို့ဘက်က လှေနှစ်စင်းဖမ်းမိတယ်။ လွတ်တော့လွတ်သွားပြီ။ ဒဏ်ကြေးနဲ့ပဲ လွတ်သလား။ ဘာတော့မသိဘူး။ ဒါတွေကလည်း သတင်းတွေ ရှိလာပြီလေ။ ဒါပေမဲ့ ကျွန်တော်တို့ မောရဝတီ ရေတပ်ကတော့ ဘာမှမပြောသေးဘူး။ ဘာမှ မစစ်ဆေးသေးဘူး။ လောလောဆယ်အထိပေါ့” ဟု သဘောဆိပ်-ပြင်ကြီး မိရိုးဖလာ မျှောပိုက်လှေများ အသင်းဥက္ကဋ္ဌ ဦးထွန်းသိန်းက ပြောကြားသည်။

သဘောဆိပ်-ပြင်ကြီး မိရိုးဖလာမျှောပိုက်လှေများ အသင်းနှင့် မောင်းမကန် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများတွင် ကမ်းနီးငါးဖမ်းလှေနှင့် မိရိုးဖလာ မျှောပိုက်လှေ စုစုပေါင်း အစင်းရေ ၄၀၀ ကျော်ခန့်ရှိပြီး ယင်းလှေများအားလုံး၌ လက်ရှိအချိန်ထိ ငါးဖမ်းလိုင်စင်များ ထပ်မံချထားပေးမှုရရှိခြင်း မရှိကြောင်း၊ ဒေသခံ ရေလုပ်သားများ ကြုံတွေ့နေရသည့် ငါးဖမ်းဆီးခွင့်လုပ်ငန်းလိုင်စင်  ပြဿနာအတွက် ဒေသခံရေလုပ်သားများ စုပေါင်းလက်မှတ် ရေးထိုးကာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း၊ ထို့ပြင် ယင်းပြဿနာအား တိုင်းဒေသကြီး အစိုးရထံ တင်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရသေးကြောင်း ဒေသခံ ကမ်းနီးရေလုပ်သား ခေါင်းဆောင်များက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ၂၀၁၅-၁၆ ငါးဖမ်းရာသီ၌ ဒေသခံ ကမ်းဝေးငါးဖမ်းရေယာဉ် ၅၃၄ စင်းအား လိုင်စင်ထုတ်ပေးခဲ့ပြီး ၂၀၁၆-၁၇ ငါးဖမ်းရာသီအတွက် နိုဝင်ဘာ ၁၅ ရက်အထိ ၅၂၁ စင်းအား လိုင်စင် ထုတ်ပေးထားကြောင်း သိရသည်။

တနသာၤရီကမ်းရိုးတန်း တစ်လျှောက်ရှိ ကမ်းနီးရေပြင်များ၌ ကမ်းဝေးငါးဖမ်း ရေယာဉ်များက မကြာခဏ ခိုးဝင်ငါးဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသဖြင့် ပြဿနာဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent