အဆင့်မြင့်ပညာကဏ္ဍ၌ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့ကိုပူးပေါင်း၍ အမျိုးသားအဝေးသင်တက္ကသိုလ်အဖြစ် ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း သိရ

အဆင့်မြင့်ပညာကဏ္ဍ၌ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့ကိုပူးပေါင်း၍ အမျိုးသားအဝေးသင်တက္ကသိုလ်အဖြစ် ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း သိရ
Published 2 January 2018

အဆင့်မြင့်ပညာကဏ္ဍ၌ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ကို ပူးပေါင်း၍ အမျိုးသားအဝေးသင် တက္ကသိုလ်အဖြစ်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ကိုပူးပေါင်း၍ ပိုမိုကြီးမားကျယ်ပြန့်သော အမျိုးသားအဝေးသင်တက္ကသိုလ်အဖြစ် ဖွဲ့စည်း၍ ဒီပလိုမာတန်းများ၊ ဒီဂရီသင်တန်းများကို အလုပ်အကိုင် အခွင့်အလမ်းနှင့် လိုက်လျောညီထွေမှုဖြစ်စေနိုင်ရန် ပြောင်းလဲ ပြင်ဆင်သင်ကြားသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

“အဝေးသင်တက္ကသိုလ်တက်တဲ့ ကျောင်းသားကျောင်းသူဦးရေက နေ့သင်တန်း တက်တဲ့ကျောင်းသားကျောင်းသူဦးရေထက် ပိုများပါတယ်။ အဝေးသင်စနစ်နဲ့ ကျောင်းပြီးသွား တဲ့သူဦးရေက ပိုပါတယ်။ ဒါကြောင့် အဝေးသင်စနစ်ကို ထိရောက်တဲ့ သင်ကြားသင်ယူမှု တွေဖြစ်ပေါ်အောင် အရည်အသွေးအထူးမြှင့်တင်ဖို့လိုပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင်တက္ကသိုလ်ကို ပူးပေါင်းပြီး အရည်အသွေးပိုမိုကောင်းမွန်တဲ့ အဝေးသင်ပညာရေးစနစ် ပေါ်ထွက်လာဖို့အတွက်  ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကလည်း နောင်မှာဖြစ်လာဖို့မျှော်မှန်းထားတဲ့  Myanmar Open University အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဝေးသင်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ သင်ကြားရေးအစီအစဉ်အတွက် အီလက်ထရောနစ်သင်ယူမှုဌာန  (e- Education Learning Centre) ပေါင်း ၆၂၄ ခုအား မြို့နယ်အသီးသီးတွင်ဖွင့်လှစ်ထားပြီးဖြစ်ပြီး သင်ခန်းစာများကိုလည်း ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဘ်ဆိုက် ဖြစ်သည့် www.yude.edu.mm မှ တစ်ဆင့် ၂၄ နာရီ အချိန်ပြည့်အခမဲ့ထုတ်လွှင့်ပြသနိုင် ရန်စီစဉ်ထားကြောင်း သိရသည်။ အလားတူ သိပ္ပံ၊ ဝိဇ္ဇာ၊ ဥပဒေ၊ စီးပွားရေးနှင့် ပေါင်းစပ် ဘာသာရပ်အထူးပြုကျောင်းသားများအတွက် Data Broadcasting System ဖြင့် ပို့ချမည့်အပြင် သိပ္ပံဘာသာရပ်များမှအပ ကျန်ဘာသာရပ်များကို အနီးကပ်သင်တန်းများဖြင့်လည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ်ဌာနခွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဝေးသင်တက္ကသိုလ်ဌာနခွဲများကို ဖွင့်လှစ်ထားရှိရာ ကချင်ပြည်နယ်အတွက် မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိပ်၊ ကယားပြည်နယ်အတွက် လွိုင်ကော်တက္ကသိုလ်၊ ကရင်ပြည်နယ်အတွက် ဘားအံတက္ကသိုလ်၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ်မှအပ) အတွက် ကလေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် မုံရွာတက္ကသိုလ်၊ ကလေး တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊တနင်္သာရီတိုင်းဒေသကြီးအတွက် ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီးအတွက် တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတိုင်းဒေသကြီးအတွက် မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ရေနံချောင်းဒီဂရီကောလိပ်၊ မန္တလေးတိုင်းဒေသကြီးအတွက် ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊ မန္တလာကောလိပ်၊ မွန်ပြည်နယ်အတွက် မော်လမြိုင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွက် စစ်တွေတက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရှမ်းပြည်နယ်အတွက် တောင်ကြီးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုး တက္ကသိုလ်၊ ကျိုင်းထုံတက္ကသိုလ်၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်တို့ ဖြစ်ပြီးတစ်နိုင်ငံလုံး၌ အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း လေးသိန်းဝန်းကျင်ရှိကြောင်း သိရသည်။

Most Read

Most Recent