နေပြည်တော် လယ်ဝေးတပ်နယ်၌ တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည်ညို

နေပြည်တော် လယ်ဝေးတပ်နယ်၌ တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည်ညို
Published 2 January 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်စဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

လယ်ဝေးတပ်နယ်ရှိ နေပြည်တော်လေဆိပ်အနီး တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းကပြုလုပ်ရာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြကြောင်း၊ ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တကနေရာတွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ခဲ့ကြသည်။

ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြရာ အေလာမြို့၊ ဂိုဏ်းထောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ခြင်း၊ ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်း၊ ရွှေထီးတော် တင်လှူပူဇော်မှုအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခြင်း စသည်တို့ဆောင်ရွက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်ဇနီးသည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။

ဆက်လက်ပြီး သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူခဲ့ကြပြီး အဆိုပါအခမ်းအနားပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ မြေနီတောင်စေတီတော်မြတ်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင်တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်ခန့် (ခရစ်သက္ကရာဇ် ၁၈၇၁) တွင် အလှူရှင်များက တည်ထားကိုးကွယ်ခဲ့ပြီး ရွာနှင့်အနည်းငယ်အလှမ်းဝေးသဖြင့် ပြုပြင်မှုမရှိဘဲ ဆေးရောင်များလွင့်ပြယ်၍ ဘုရားငုတ်တိုသာကျန်ရှိခဲ့ကြောင်း၊ ယခုအခါ စေတီတော်ကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလှူရှင်များ စုပေါင်းကုသိုလ်ဖြင့် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံ၍ ထီးတော်တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent