အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် နေပြည်တော်တွင် ယနေ့စတင်မည်

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် နေပြည်တော်တွင် ယနေ့စတင်မည်
Published 2 January 2018

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်ကို နေပြည်တော် MICC-2 ၌ ဇန်နဝါရီ ၂ ရက် (ယနေ့) တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ဖိုရမ်သို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအတွက် ကိုယ်စားလှယ် ၃၅ ဦးနှင့် တာဝန်ခံနှစ်ဦး စုစုပေါင်း ၃၇ ဦးဖိတ်ကြားထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က မူလသတ်မှတ်ထားသည့်အတိုင်း ကိုယ်စားလှယ် ၅၀၀ ရွေးချယ်တက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရဘက်မှ နေပြည်တော်ကောင်စီကြီးကြပ်ရေးအဖွဲ့နှင့် UPDJC အလုပ်အဖွဲ့တို့ တက်ရောက်ရန်ရှိကြောင်း ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးမှ ဦးစိုးဌေးထံမှ သိရသည်။

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်သို့ စာတမ်းနှစ်စောင် တင်သွင်းသွားမည်ဖြစ်ပြီး ယင်းမှာ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ မန္တလေးတွင်ပြုလုပ်ခဲ့သော အကြိုဖိုရမ်မှရရှိလာသည့် စာတမ်းများဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နေပြည်တော်မှာ ဇန်နဝါရီ ၂ ရက်ကနေ ၃ ရက်အထိပေါ့။ နှစ်ရက် ပြုလုပ်သွားမယ်။ အဲဒီဖိုရမ်မှာ စာတမ်းနှစ်စောင် တင်သွင်းသွားမယ်။ အကြိုဖိုရမ်ကရလာတဲ့ စာတမ်းနှစ်စောင်ပေါ့။ အဲဒါကို နေပြည်တော်ဖိုရမ်မှာ တင်သွင်းသွားဖို့ရှိပါတယ်” ဟု ဦးစိုးဌေးက ပြောကြားသည်။

မန္တလေးအကြိုဖိုရမ်မှရရှိလာသည့် စာတမ်းနှစ်စောင်မှာ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးမူဝါဒရေးရာ အဆိုပြုချက်များစာတမ်းနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူဆွေးနွေးချက်များ စာတမ်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါအကြိုဖိုရမ်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းများအတွက် ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများကို လွတ်လပ်စွာကျင်းပနိုင်ရေးအပါအဝင် နိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ချက်ချင်းရပ်တန့်စေရေး တာဝန်ရှိအဖွဲ့အစည်းများက အမြန်ဆုံးဖြေရှင်းပေးရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ လတ်တလောဖြစ်ပွားနေသော စစ်ပွဲများ ချက်ချင်းရပ်တန့်သွားရေးအတွက် တပ်မတော်အပါအဝင် တာဝန်ရှိလက်နက်ကိုင်အဖွဲ့အစည်းများ အမြန်ဆုံးဖြေရှင်းရန်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသောစစ်ပွဲများ ချက်ချင်းရပ်တန့်သွားရေးအတွက် တပ်မတော်အပါအဝင် တာဝန်ရှိလက်နက်ကိုင်အဖွဲ့အစည်းများ အမြန်ဆုံးဖြေရှင်းရန်၊ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသော စစ်ပွဲများနှင့် အကြမ်းဖက်မှုများ ရပ်တန့်ပပျောက်သွားစေရေး နှစ်ဦးနှစ်ဖက်တာဝန်ရှိသူများက အမြန်ဆုံးဖြေရှင်းပေးရန်၊ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေသော ပြည်သူများနှင့် ပဋိပက္ခဒေသရှိ ပြည်သူများ၏ ဘဝလုံခြုံမှုနှင့် ကူညီထောက်ပံ့မှုရရှိရန် အစိုးရနှင့် နှစ်ဖက်လက်နက်ကိုင်များ တာဝန်ယူဖြေရှင်းပေးရန်၊ နေရပ်စွန့်ခွာတိမ်းရှောင်နေသော ပြည်သူများနှင့် ပဋိပက္ခဒေသရှိ ဘဝလုံခြုံမှုကူညီထောက်ပံ့ပေးရာတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်ပေးရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်တွင် ရှေ့ဆက်ပြုလုပ်မည့် ဖိုရမ်ပုံစံကို ဆွေးနွေးခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များအနေဖြင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အမျိုးသားရေးအသွင်အပြင် (Nation Building) တည်ဆောက်ရေးတို့အတွက် လိုအပ်သည့်အရာများကို CSO ရှုထောင့်မှတင်ပြခြင်းတို့ကိုပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်မှရလဒ်များအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းမရှိပေ။

“တိုင်းနဲ့ပြည်နယ်အကုန်လုံးဆိုတာထက် ၁၃ ခုကတော့ ကိုယ်စားလှယ်တွေအကုန်လုံးတော့ နေပြည်တော်ဖိုရမ်ကို တက်ရောက်မယ်။ ကယားကရင်နီပြည်နယ်ကတော့ ပြည်ထောင်စုကော်မတီမှာပါတဲ့ ကိုယ်စားလှယ်နှစ်ဦးပဲ တက်ရောက်မယ်။ စာတမ်းတင်ဖို့ကျတော့လည်း တိုင်းနဲ့ပြည်နယ် ၁၃ ခုစလုံးတင်ဖို့ ပြင်ဆင်လာတယ်။ နောက်မပါတဲ့ ကယားကရင်နီပြည်နယ်ကတော့ သူတို့ကိုယ်တိုင်စာတမ်းမလုပ်ခဲ့ပေမယ့်လို့ တခြားတိုင်းနဲ့ပြည်နယ်တွေက လုပ်ခဲ့တာတွေကို သုံးသပ်ကောင်းသုံးသပ်ပါလိမ့်မယ်။ သုံးသပ်ပြီးတဲ့အခါမှာ သူတို့ Agreement ပေးချင်လည်းပေးလိမ့်မယ်။ နောက်တစ်ချက်က တိုင်းနဲ့ပြည်နယ်တစ်ခုက စာတမ်းမပါတာနဲ့ ဒီဟာကြီးကို ချန်ထားမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ တိုင်းနဲ့ပြည်နယ်အကုန်လုံး ပေါင်းလိုက်တဲ့အခါမှာ ပြည့်စုံတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ စာတမ်းတစ်စောင်ဖြစ်ဖို့အတွက် တစ်နည်းအားဖြင့်တော့ ပြည်သူလူထုအတွက် ထင်ဟပ်မယ့် စာတမ်းတစ်စောင်ဖြစ်ဖို့အတွက် တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ဝိုင်းကြိုးစားတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးစိုးဌေးက ပြောကြားထားသည်။

အကြောင်းအရာအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်) တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍလေးခုအနက် လူမှုရေးကဏ္ဍမှ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှ ဖက်ဒရယ်စနစ်ဆိုင်ရာစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကဏ္ဍမှ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent