<

ဇန်န၀ါရီလတွင် မိုးရွာသွန်းမှုများကြောင့် ရက်ပိုင်းအတွင်း အအေးပေါ့နိုင်ကြောင်း သိရ

အအေးပေါ့ခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့ ညမြင်ကွင်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ဇန်န၀ါရီလတွင် ပုံမှန်ဆောင်းရာသီ အေးနေရမည် ဖြစ်သော်လည်း မိုးရွာသွန်းမှုများကြောင့် ရက်ပိုင်းအတွင်း အအေးပေါ့နေဦးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦး၏ ပြောကြားချက်အရ သိရသည်။

“မိုးပြတ်သွားရင်တော့ ပြန်အေးလာမှာပေါ့။ဒီရက်ပိုင်းတော့ ငါးရက်၊ ခြောက်ရက်နေ့ လောက်အထိ မိုးက သူ့အရှိန်နဲ့သူ ရှိနေဦးမှာပေါ့။ ခြောက်ရက်နောက်ပိုင်းတော့ နည်းနည်းပြန်ပြီး အေးလာဖို့ ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးဆက်လက် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ဘင်္ဂလားပင်လယ်အော်မှာ ရှိနေတဲ့ ရေငွေ့တွေနဲ့ တရုတ်ပြည်မကြီးက ဆင်းလာတဲ့ လေဖိအားကြီး ရပ်ဝန်းတွေ မြန်မာနိုင်ငံမှာ လာဆုံတော့ မိုးရွာတာပေါ့။ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကလည်း ပုံမှန်ထက် အနည်းငယ် ပိုပူနေတဲ့အတွက် ရေခိုးရေငွေ့ဖြစ်ဖို့ ကောင်းနေတဲ့ အနေအထားရှိတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

“ပုံမှန်ဆိုရင် ဇန်န၀ါရီလက အေးနေရမယ့် အခြေအနေပေါ့။ ကောင်းကောင်းမအေးသေးတဲ့ အနေအထားပေါ့။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၊ ၂၁ မှာ နည်းနည်းအေးခဲ့တယ်။ လာနီညာရဲ့ သက်ရောက်မှုလို့ ပြောလို့ရပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေ အနေများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ (တတိယ) ဆယ် ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁ ဒီဂရီဖာရင်ဟိုက်မှ ၂ ဒီဂရီဖာရင်ဟိုက်အထိဒီဇင်ဘာလ (တတိယ) ၁၀ ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ အောက် လျော့နည်းခဲ့ကာ စစ်ကိုင်းတိုင်းဒေ သကြီး (အထက်ပိုင်း) တွင် ၅ ဒီဂရီဖာရင် ဟိုက်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၃ ဒီဂရီ ဖာရင်ဟိုက်မှ ၄ ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင် ပိုင်း) တို့တွင် ၁ ဒီဂရီဖာရင်ဟိုက်မှ ၂ ဒီဂရီဖာ ရင်ဟိုက်အထိ ဒီဇင်ဘာလ (တတိယ) ၁၀ ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ ထက် ပိုခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (တတိယ) ၁၀ ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေ များမှာ ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ (တ တိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူ ချိန်ခန့်သာရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဒီဂရီဖာရင်ဟိုက်၊ ချင်းပြည်နယ်တွင် ၁၀ ဒီဂရီဖာရင်ဟိုက်အထိ ဒီဇင်ဘာလ (တတိယ) ၁၀ ရက်ပတ် ၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ အောက် လျော့နည်းခဲ့ပြီး၊ ရှမ်းပြည်နယ် (အ ရှေ့ပိုင်း) တွင် ၉ ဒီဂရီဖာရင်ဟိုက်၊ ရှမ်းပြည် နယ် (တောင်ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် ၆ ဒီဂရီဖာရင်ဟိုက်စီ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူး တိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက် ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ၄ ဒီဂရီဖာရင်ဟိုက်မှ ၅ ဒီဂရီဖာရင်ဟိုက်ထိ နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ဒီဂရီဖာရင်ဟိုက်မှ ၂ ဒီဂရီဖာရင်ဟိုက်အထိ ဒီဇင်ဘာလ (တတိယ) ၁၀ ရက်ပတ်၏ ပျမ်းမျှ အနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ကြောင်း သိရ သည်။

“ကမ္ဘာ့ရာသီဥတု ပူနွေးမှု ဖြစ်နေတော့ အရင်တုန်းကတော့ လာနီညာဖြစ်တဲ့နှစ်တွေဆိုရင် ပုံမှန်အပူချိန်အောက် လျော့တယ်။ နောက်ပိုင်း ၂၀၀၂ ကစပြီး နောက်ပိုင်းမှာလည်း လာနီညာဖြစ်တဲ့ နှစ်တွေမှာလည်း ပုံမှန်အပူချိန်ထက် အနည်းငယ်ပိုတာ တွေ့ရတယ်။ ဒီနှစ်မှာလည်း လာနီညာတော့ ရှိပေမယ့် တချို့ရက်တွေမှာ အနည်းငယ် အေးသွားပေမယ့်။ တလလုံး ခြုံကြည့်မယ်ဆိုရင် ပုံမှန်နဲ့ ပုံမှန်ထက် အနည်းငယ် ပူနေမယ့် အနေအထားရှိတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။