စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မောင်တောမြို့နယ်အတွင်းသို့ပြန်လည်ရောက်လာသည့် ဟိန္ဒူဘာသာဝင်များအား ယာယီစခန်းတန်းလျားများတွင် နေရာချထားသော်လည်း စားနပ်ရိက္ခာ အခက်အခဲများရှိနေ

စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မောင်တောမြို့နယ်အတွင်းသို့ပြန်လည်ရောက်လာသည့် ဟိန္ဒူဘာသာဝင်များအား ယာယီစခန်းတန်းလျားများတွင် နေရာချထားသော်လည်း စားနပ်ရိက္ခာ အခက်အခဲများရှိနေ
Published 2 January 2018

ဟိန္ဒူဘာသာဝင်များကို ယာယီနေရာချထားပေးသည့် မောင်တောမြို့ရှိ ယာယီတန်းလျားများကို တွေ့ရစဉ်

စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မောင်တောမြို့နယ်အတွင်းသို့ ပြန်လည်ရောက်လာသည့် ဟိန္ဒူဘာသာဝင်များအား ယာယီစခန်းတန်းလျားများတွင် နေရာချထားသော်လည်း စားနပ်ရိက္ခာ အခက်အခဲများ ရှိနေကြောင်း ဟိန္ဒူဘာသာဝင်များ၏ ပြောကြားချက်အရ သိရသည်။

ရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသော ခမောင်းဆိတ်၊ ရဲဘော်ကျ၊ တမန်းသား အစရှိသည့် ကျေးရွာ ၁၅ ရွာမှ ဟိန္ဒူဘာသာဝင်များသည် စစ်တွေမြို့ရှိ ဓညဝတီဘောလုံးကွင်း အဆောက်အဦအောက်တွင် ခိုလှုံနေရာမှ ၎င်းတို့အား ဒီဇင်ဘာလဆန်းပိုင်းက မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးရုံးအနောက်တွင် တန်းလျားများဆောက်လုပ်ကာ ယာယီနေရာ ချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ရောက်သူ ဟိန္ဒူဘာသာဝင်များသည် ရိက္ခာအထောက်အပံ့ လုံလောက်စွာ မရရှိသဖြင့် အခက်အခဲဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ယာယီနေရာချထားသည့် တန်းလျားတွင် နေထိုင်နေသူ မောင်တောလေးမိုင်ရပ်ကွက်မှ နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင် မာရီစန္ဒြာဂေါက “ကျွန်တော်က မောင်တောလေးမိုင်ကပါ။ ရွာမှာ ဘင်္ဂါလီတွေကိုကြောက်လို့ ပြေးကြတဲ့အခါ စစ်တွေ ဓညဝတီ ကယ်ဆယ်ရေး စခန်းမှာနေခဲ့ပါတယ်။ အဲဒီမှာ သုံးလလောက် နေပါတယ်။ ကယ်ဆယ်ရေး အထောက်အပံ့ ရပါတယ်။ အဲဒီမှာ အိမ်ထောင်စု ၁၅၅ စုကို အိမ်ပေးမယ်။ခြံပေးမယ်ပြောလို့ ကျွန်တော်တို့ မောင်တောကိုပြန်လာကြပါ တယ်။ ဒီကိုရောက်တော့ ဘာရိက္ခာမှ မရပါ။ ဒုက္ခသည်တန်းလျားမှာ သောက်ရေလည်း မရပါ။ သုံးရေတော့ ရပါတယ်။ ဆန်တော့ နို့ဆီ ငါးလုံးလောက်ရပါတယ်။ အခု မိုးရွာပါတယ်။ အဆောင်မှာ မိုးယိုတော့ စောင်တွေ၊ ပုဆိုးတွေ ရေစိုကုန်ပါတယ်။ အစိုးရကိုပြောချင်တာက ကျွန်တော်တို့မှာအခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့နေရာလည်း မရသေးဘူး။ အိမ်လည်း မရသေးပါဘူး။အိမ်လည်း လိုချင်ပါတယ်။ စားဖို့ရိက္ခာလည်း လိုချင်ပါတယ်”ဟု ပြောကြားသည်။

မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးရုံး အနောက်ဘက်ရှိ တန်းလျားတွင် ဟိန္ဒူဘာသာဝင်  အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၆၁ ဦး နေထိုင်နေကြပြီး ၎င်းတို့၏ မူလကျေးရွာများမှာ ခမောင်းဆိပ်၊ တမန်းသားကြိမ်ချောင်း၊

သစ်တုံးနားခွဆုံ၊ အင်းဒင်၊ ကိုးတန်ကောက်၊ ကျောက်ပန်းတူ၊ ရွှေဇား၊ လေးမိုင်၊ ရပ်ကွက် ၄ ၊ လေးမိုင်နှင့်  လသာကျေးရွာတို့ဖြစ်ပြီး မူလကျေးရွာများတွင် မနေထိုင်ရဲတော့ကြောင်းလည်း သိရသည်။

ယာယီတန်းလျားတွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် မဆူရတီက “အခု မိုးရွာတော့ တန်းလျားခေါင်မိုးက မိုးယူလို့ နေလို့ထိုင်လို့ မရပါ။ ရေစိုလို့အဝတ်တွေအားလုံး စိုသွားပါတယ်။ အစိုးရက အိမ်ဆောက်ပေးမယ်ဆိုရင်

ကိုယ့်ဟာကိုယ် လုပ်စားလို့ရပါတယ်။ အခု ဒီမှာက ကလေးတွေကိုခြင်ကိုက်တယ်။ ခြင်ထောင်ရှိရင်လည်း ခြင်ထောင်အောက်က ခြင်ဝင်ကိုက်တယ်။ စားဖို့သောက်ဖို့လည်း အခက်အခဲရှိပါတယ်။ ဆေးခန်းပြဖို့လည်း ငွေမရှိတော့ အခက်အခဲရှိပါတယ်။ စားဖို့ သောက်ဖို့အခက်အခဲရှိပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် သြဂုတ် ၂၅ ရက် နောက်ပိုင်း အကြမ်းဖက် ဘင်္ဂါလီများ၏ မီးရှို့ဖျက်ဆီးသဖြင့် ကညင်တန်း၊ ရွှေဇား၊ လသာ၊ မြင်းလွှတ်၊ ကျောက်ပန္တူ၊ အင်းဒင်နှင့် ကြိမ်ချောင်း စသည့် ကျေးရွာများမှ ဟိန္ဒူဘာသာဝင်များ နှင့် နေရပ်သို့ မပြန်ရဲတော့သည့် ဟိန္ဒူဘာသာဝင်အိမ်ထောင်စု ၁၅၈ စု လူဦးရေ ကျား ၄၆၂ ဦး၊ မ ၅၂၄ ဦး၊ စုစုပေါင်း  ၉၈၆ ဦးသည်

မောင်တောမြို့ ကညင်တန်းရပ်ကွက်ရှိ အထက (၁) ကျောင်းတွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင်များသည် ယခင်က ဘင်္ဂါလီကျေးရွာများတွင် အိမ်ထောင်စုလူဦးရေ အနည်းငယ်ဖြင့် ပြန့်ကြဲနေထိုင်ခဲ့ကြသော်လည်း လက်ရှိတွင်ဘင်္ဂါလီများနှင့်အတူ မနေထိုင်ရဲတော့သဖြင့် ၎င်းတို့အား ပြန်လည်နေရာချထားပေးရာတွင် တစုတစည်းတည်း နေရာချထားပေးစေလိုကြောင်း တောင်းဆိုထားသည်။

ထို့ပြင်ကျေးရွာတည်ဆောက်ပေးမည်ဆိုပါကလည်း ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသော ကျောက်ပန္တူနယ်မြေအတွင်းတည်ဆောက်ပေးမည်ဆိုပါက ပိုမိုသင့်တော်မည်ဖြစ်ကြောင်း၊ ဟိန္ဒူလူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူနည်းစုတစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ကာ ခမောင်းဆိပ် နှင့် ရဲဘော်ကျကျေးရွာများမှ သတ်ဖြတ်ခံရသော ဖြစ်စဉ်များမှာ လူမျိုးတုန်းသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းလည်း ဟိန္ဒူဘာသာဝင်များက ပြောကြားသည်။

ARSA ဘင်္ဂလီအကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်တွင် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ကင်းစခန်း ၃၀ တို့အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရပြီး ဒေသခံအများအပြားမှာ စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most Read

Most Recent