<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

တောင်ဒဂုံမြို့နယ်တွင် နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်ပြီး မြ၀တီမြို့သို့ထွက်ပြေးရန်ကြံစည်သည့် လူငယ်အား ဖမ်းဆီး

 

တောင်ဒဂုံမြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်ပြီး မြ၀တီမြို့သို့ ထွက်ပြေးရန်ကြံစည်သည့် ဆယ်ကျော်သက်လူငယ်အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ် ၇ ရက် ည ၉ နာရီခန့်တွင် ဒဂုံတောင်မြို့နယ်၊ ၇၁ ရပ်ကွက်၊ ကနောင်မင်းကြီးလမ်းနေ မောင်…….(၁၄ နှစ်) သည် ဆန်ဝယ်ပြီး စက်ဘီးဖြင့်ပြန်လာစဉ် တစ်ရပ်ကွက်တည်းနေ ဘိုဘိုဟန် (၁၉ နှစ်) ၏ စက်ဘီးနှင့်တိုက်မိခဲ့ကြောင်း သိရသည်။

“စက်ဘီးချင်းတိုက်မိပြီးတော့ အချင်းချင်းစကားများကြတာပေါ့။ အဲဒီလို စကားများတာကိုမကျေနပ်တဲ့ ဘိုဘိုဟန်က အိမ်ပြန်စက်ဘီးထား၊ ဓားယူပြီးနောက်ကနေ ဟိုကောင်လေးအိမ်ရှေ့အထိ လိုက်လာတယ်လို့ သိရတယ်” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရှိတစ်ဦးက ပြောကြားသည်။

ဘိုဘိုဟန်မှာ မောင်….၏ နေအိမ်ရှေ့ သို့ ရောက်ရှိလာချိန်တွင် မောင်….၏မိခင် ဖြစ်သူမှ တောင်းပန်ခဲ့သော်လည်း မပြန်ဘဲ ရပ်နေခဲ့ကြောင်း၊ ယင်းနောက် မောင်…. ၏ ဖခင် ဦး… (၄၆ နှစ်) မှာ နေအိမ်ပေါ်မှဆင်းလာကာ ဘိုဘိုဟန်နှင့် စကားများနေကြရာ မောင်…….၏ ဦးလေးတော်စပ်သူ ဦး……(၃၄ နှစ်) မှာ ရောက်ရှိလာပြီး ထပ်မံ စကားများရန်ဖြစ်ကြစဉ် ဘိုဘိုဟန်မှာ ယင်းလမ်းရှိ နေအိမ်တစ်အိမ်သို့ ၀င်ပြေးခဲ့ကြောင်း သိရသည်။

“နှစ်ယောက်နဲ့ တစ်ယောက် စကားများ ရန်ဖြစ်ကြပြီးတော့ ဘိုဘိုဟန်က မျက်စောင်းထိုး နေအိမ်တစ်အိမ်ကို ၀င်ပြေးတယ်လို့ သိရတယ်။ ၀င်ပြေးတာကို ဟိုနှစ်ယောက်က နောက်က လိုက်ဖမ်းတယ်။  အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ ဘိုဘိုဟန်က ချောင်ပိတ်မိသွားတဲ့အတွက်  ပါလာတဲ့ဓားနဲ့ တစ်ယောက်ကို ထိုးတယ်။ တစ်ယောက်ကိုတော့ ခုတ်လိုက်တယ်လို့သိရတယ်”ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဓားဖြင့် အထိုးခံမှုကြောင့် ဦး…… (၃၄ နှစ်) မှာ ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဦး…….(၄၆ နှစ်) မှာ ၀ဲမျက်ခုံးထောင့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာပါးပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်နှင့် ရင်ညွန့်ထိုးသွင်း ဒဏ်ရာများရရှိကာ နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျူးလွန်ပြီးနောက် ဘိုဘိုဟန် မှာ ၎င်း၏ဆွေမျိုးများရှိသည့် မြ၀တီမြို့သို့ ထွက်ပြေးတိမ်းရှောင်ရန်ကြံစည်ခဲ့ကြောင်း သိရပြီး ၎င်းကို သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင်အောင်မင်္ဂလာ အဝေးပြေးဝင်း၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဘိုဘိုဟန် (၁၉ နှစ်)မှာ အဆိုပါရပ်ကွက်တွင် နေထိုင်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်ကြောင်း၊ ရပ်ကွက်အတွင်း၌ ဆိုးသွမ်းခြင်း မရှိသူဖြစ်ကြောင်း၊ ပြဿနာဖြစ်ပွားခဲ့သည့် မိသားစုနှစ်စုမှာ ရင်းနှီးမှုရှိကြောင်း ဒဂုံတောင်မြို့နယ် ၇၁ ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးရုံးမှာပါ။ သတင်းလည်းရရော သွားကြည့်တဲ့အချိန်မှာ သွေးကွက်တွေပဲတွေ့ပြီး ဓားနဲ့အထိုးခံရတဲ့သူတွေကိုတော့ မတွေ့တော့ပါဘူး။ လိုက်စုံစမ်းတော့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ဖြစ် မှန်းသိတော့ သူ့ကိုလိုက်လံဖမ်းဆီးဖို့ ဆောင်ရွက်ရင်း အောင်မင်္ဂလာအဝေးပြေးမှာ ဖမ်းဆီးရမိပါတယ်။ ကျုးလွန်သူ ကောင်လေးကတော့ ရပ်ကွက်ထဲမှာ ဆိုးဆိုးသွမ်းသွမ်း မရှိပါဘူး။ အဲဒီကောင်လေးရဲ့ မိသားစုဝင်အချို့ကတော့ မူးယစ်မှုနဲ့ ပြစ်မှုကျခံနေရတယ်လို့ သိရပါတယ်” ဟု အဆိုပါအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ ဘိုဘို ဟန် (၁၉ နှစ်) အား ဒဂုံတောင်မြို့မ ရဲစခန်းက (ပ)၁၅၂၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး  ဆက်လက်စစ်ဆေးလျက်ရှိသည်။