အခြေခံပညာရေးအား သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်းကာလ ၁၂ နှစ်ကို ဦးတည်၍ဆောင်ရွက်ရမည်ဟု အခြေခံပညာရေးဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထား

အခြေခံပညာရေးအား သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်းကာလ ၁၂ နှစ်ကို ဦးတည်၍ဆောင်ရွက်ရမည်ဟု အခြေခံပညာရေးဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထား
Published 2 January 2018

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အ.ထ.က.(၁) ဒဂုံတွင် တက်ရောက်နေသော အခြေခံပညာကျောင်းသားကျောင်းသူများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် ( ဓာတ်ပုံ - ကြည်နိုင်)

အခြေခံပညာရေးအား သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်းကာလ ၁၂ နှစ်ကို ဦးတည်၍ ဆောင်ရွက်ရမည်ဟု အခြေခံပညာရေးဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထားသည်။

အခြေခံပညာရေးဥပဒေ (မူကြမ်း) ကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၆ ခုဖြင့် ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ၎င်း ဥပဒေ (မူကြမ်း) ကို ပြည်သူလူထုလေ့လာအကြံပြုနိုင်ရန်အတွက် ထုတ်ပြန်ထားသည်။

အဆိုပါဥပဒေ (မူကြမ်း) ကို ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် စည်းကမ်း ပြည့်ဝ၍ ဥပဒေကို လေးစားလိုက်နာတတ်သည့် တာဝန်သိစိတ်၊ တာဝန်ယူစိတ်ရှိသော လူသားကောင်းများဖြစ်ရန်၊ အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းလိုက် ဖြစ်စေ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တတ်သည့် ကမ္ဘာ့ နိုင်ငံသားများဖြစ်ရန် စသည့် ရည်မှန်းချက်များဖြင့် ရေးဆွဲထားသည်။

ထို့ပြင် ဥပဒေ (မူကြမ်း) ၏ အခန်း(၃)တွင် နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး ဖြစ်သော ပညာသင်ယူခွင့်နှင့်အညီ အခြေခံပညာကို နိုင်ငံသားတိုင်းသင်ယူတတ်မြောက်ရေး၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး၊ ပညာလေ့လာ သင်ယူရာတွင် သင်ယူသူ၏ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှုအပါအဝင် မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အခြေခံပညာရေး စနစ်ကို ကျင့်သုံးရေး စသည်တို့ကို အခြေခံပညာရေးဆိုင်ရာ အခြေခံမူများအဖြစ် ထည့်သွင်းရေးဆွဲထားသည်။

ဆက်လက်၍ အခြေခံပညာရေးဥပဒေ (မူကြမ်း) ၏အခန်း(၄) အခြေခံပညာရေး အဆင့်များ၊ အတန်းများနှင့် ကျောင်းအမျိုးအစားများသတ်မှတ်ခြင်းတွင် ပုဒ်မ ၅ ပုဒ်မ ခွဲ(က) အခြေခံပညာရေးကို သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်း ကာလ ၁၂ နှစ်ကို ဦးတည်၍ ဆောင်ရွက်ရမည်။ ပုဒ်မခွဲ (ခ) ပုဒ်မခွဲ(က)အရ ဆောင်ရွက်သော အခြေခံပညာရေး၏ အဆင့်များနှင့် အတန်းများမှာ အောက်ပါအတိုင်းဖြစ်သည် (၁) ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်း အဆင့်ပညာရေး၊ (၂) ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့်ပညာရေး၊ (၃) ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်း တို့ပါဝင်သည့် အထက်တန်းအဆင့်ပညာရေး ဟူ၍ ထည့်သွင်းရေးဆွဲထားသည်။

ထို့အတူ ပုဒ်မ ၆ တွင် ကျောင်းအမျိုးအစားများကို အောက်ပါအတိုင်းသတ်မှတ်သည် (က) သူငယ်တန်းနှင့်မူလတန်း အဆင့်အတန်းများ ပါရှိသည့် အခြေခံပညာ မူလတန်းကျောင်း၊ (ခ) သူငယ်တန်း၊ မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် အတန်း များပါရှိသည့် အခြေခံပညာအလယ်တန်းကျောင်း၊ (ဂ) သူငယ်တန်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများပါရှိသော အခြေခံပညာအထက်တန်းကျောင်း သို့မဟုတ် အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် အတန်းများပါရှိသော အခြေခံပညာအထက်တန်းကျောင်းဟု သတ်မှတ်ရေးဆွဲထားသည်။

အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစား အလွှာစုံ ပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာမဲဆန္ဒနယ်) က တင်သွင်းခဲ့ဖူးသည်။ သို့သော် ၎င်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးများကို ဇန်နဝါရီ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent