ထားဝယ်မြို့ ကြခတ်ပင်တိုက် အနောက်ကျောင်းဝင်းအတွင်းရှိ ရှင်ပင်္သာယုဘုရား၏ ယာဘက်မျက်လုံးတော် ပွင့်နေသဖြင့် ဘုရားဖူးသူများ စည်ကား

ထားဝယ်မြို့ ကြခတ်ပင်တိုက် အနောက်ကျောင်းဝင်းအတွင်းရှိ ရှင်ပင်္သာယုဘုရား၏ ယာဘက်မျက်လုံးတော် ပွင့်နေသဖြင့် ဘုရားဖူးသူများ စည်ကား
Published 1 January 2018

ရှင်ပင်္သာယုဘုရား၏ ယာဘက်မျက်လုံးတော် ပွင့်သည်ဟုဆိုသောကြောင့် လာရောက်ဖူးမြှော်ကြသူများအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင်တိုက် အနောက်ကျောင်းဝင်းအတွင်းရှိ ရှင်ပင်္သာယုဘုရားမှာ ဒီဇင်ဘာ ၃၁ ရက် နံနက်အရုဏ်တက်ချိန်က ဘုရား၏ ယာဘက်မျက်လုံးတော် ပွင့်၍ရောင်ခြည် ကွန့်မြူးနေသည်ကို ဘုရားအား ဆွမ်းတော်လာကပ်သည့် အလှူရှင် မိသားစုဝင်တစ်ဦး ဖူးတွေ့ခဲ့ရပြီးနောက် ဒေသခံအများအပြား လာရောက်ဖူးမြော်နေကြပြီး စည်ကားလျက်ရှိကြောင်း သိရသည်။

ရှင်ပင်္သာယုဘုရား တည်ရှိသည့် ၎င်းကြခတ်ပင်တိုက် အနောက်ကျောင်း၌ ဆီဆွမ်းလောင်းလှူပွဲရှိသဖြင့် ဆရာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ပြီးနောက် ရှင်ပင်္သာယုဘုရားအား အရုဏ်ဆွမ်း သွားရောက်ကပ်လှူ ပူဇော်ရာတွင် ထိုသို့ဖူးတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဘုရားမျက်လုံးတော် ပွင့်သည်ကို လာရောက်ဖူးမြော်သူ များလွန်းသဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးရယူထားကြောင်း သိရသည်။

“ရှင်ပင်္သာယုဘုရားဟာ လွန်ခဲ့သော နှစ် ၂၀၀ ခန့်က စပြီးတော့ရှိတာ။ ဦးဇင်းတို့ ကျောင်းတိုက်ကြီးက ၁၁၇ နှစ် ရှိပြီ။ ကျောင်းတိုက်ထက်ဦးတယ် ဘုရားက။ အဲဒီဘုရားက ဘာတွေထူးခြားလဲဆိုတော့ ဒီနေ့ ဦးဇင်းတို့ ကျောင်းမှာ ဆီဆွမ်းလောင်းမယ့် သံဃာတော်တွေကို မုန့်ဟင်းခါးဆွမ်း ဆက်ကပ်တယ်။ ဆွမ်းဒကာ အလှူရှင်ရဲ့ သမီးအငယ်ဆုံးလေးက အဲဒီဘုရားမှာ ဆွမ်းတော်သွားတင်တယ်။ ဘုရားဆွမ်းတော် သွားကပ်တဲ့အချိန် ဘုရားကို ဖူးမြော်တဲ့အချိန်မှာ ဘုရားရာဘက်မျက်လုံးတော်က ပွင့်ပြီးတော့ ရောင်ခြည်တော်တွေ ကွန့်မြူးနေတာ။ အဲဒီကွန့်မြူးနေတဲ့အချိန်မှာ သူက အထူးအဆန်းဖြစ်ပြီးတော့ ဦးဇင်းကို လာပြောတော့ ဓာတ်ပုံမှတ်တမ်းတွေရိုက်ပြီး တင်ထားတာ။ အဲဒီဘုရားက လွန်ခဲ့တဲ့ တစ်နှစ်လောက်က အရင်နယ်လုံဝန်ကြီး ဦးဇော်လွင် ရွှေသင်္ကန်း ကပ်ထားတယ်။ အဲဒီရွှေသင်္ကန်းကိုလည်း ဦးဇင်းကိုယ်တိုင် ကပ်ထားတယ်။ ရွှေသင်္ကန်း ကပ်တဲ့အချိန်မှာ မျက်လုံးတော် အကုန်လုံးကို ဦးဇင်းက ပိတ်ထားတယ်။ ဒီနေ့ အရုဏ် ၅ နာရီလောက်မှာ မျက်လုံးတော်က ထူးထူးဆန်းဆန်း ပွင့်နေတာ။ အဲဒါအထူးအဆန်းဖြစ်ပြီးတော့ လူတွေက လာဖူးကြတာ”ဟု ကြခတ်ပင်တိုက် အနောက်ကျောင်းမှ ဆရာတော် အရှင်သီရိဉာဏက မိန့်ကြားသည်။

ရှင်ပင်္သာယုဘုရား၏ သမိုင်းအကျဉ်းမှာ ထားဝယ်ရာဇဝင်သမိုင်းအတွင်း ပါဝင်သည့် ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ဝေဒီမြို့မှ ဘုရင်ဖြစ်သော စောရန်နိုင်၏ သမီးတော်မှာ တိုင်းပြည်ပျက်၍ ထွက်ပြေးလာသည့်အချိန်တွင် ယခုဘုရားအနီးရှိ ချောင်းအတွင်းသို့ ရွက်လှေဖြင့် ရောက်ရှိလာပြီး ခရီးတစ်ထောက် ရပ်နားကာ ညအိပ်စက်ချိန်၌ အိပ်မက်ပေးသဖြင့် ၎င်းဝတ်ဆင်ထားသည့် နန်းဝတ်တန်ဆာများကို ချွတ်ကာ လက်ရှိစေတီနေရာတွင် အဓိဋ္ဌာန်၍ စေတီတော်တစ်ဆူ တည်ထားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ဆရာတော် အရှင်သီရိဉာဏ ငယ်စဉ် ကိုရင်ဘဝဖြစ်သည့် လွန်ခဲ့သော ၂၅ နှစ်ခန့်က ထားဝယ်မြို့တွင်းရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ပင်ခရု ဘုရားပွဲတော် ကျင်းပခဲ့စဉ်အခါက ရှင်ပင်္သာယုဘုရားထံမှ ရောင်ခြည်တော်ကွန့်မြူးသည်ကို သုံးကြိမ်တိုင်တိုင် ဖူးတွေ့ခဲ့ရဖူးပြီး ရှင်ပင်ခရုဘုရားမှ ရှင်ပင်္သာယုဘုရားထံ ရောင်ခြည်တော်လွှတ်ပြီး ရှင်ပင်္သာယုဘုရားမှ ရှင်မော်တောင်ဘုရားထံ ဆက်၍ ရောင်ခြည်တော် ကွန့်မြူးခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ခုနစ် နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးခင်ဇော်က ဘုရားကျောင်းဆောင်အား လာရောက်ပြုပြင်ခဲ့ဖူးပြီး ထိုစဉ်က ဦးခင်ဇော်မှာ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့သဖြင့် တစ်ပိုင်းတစ်စ ကျန်ခဲ့သည်ကို ဆရာတော် အရှင်သီရိဉာဏက ကိုယ်တိုင်ဆက်လက် ဆောက်ရွက်ခဲ့ပြီးနောက် ထီအကြီးအကျယ် ပေါက်ခဲ့ဖူးသည်ဟု ဆရာတော်က မိန့်ကြားသည်။

ထို့ပြင် ရှင်ပင်္သာယုဘုရားသည် လွန်ခဲ့သည့် နှစ် ၂၀၀ ခန့်က တည်ထားခဲ့သည့် ရှေးဟောင်း သမိုင်းဝင်ဘုရားဖြစ်၍ တန်ခိုးကြီးပြီး ဆုတောင်းပြည့်သည်ကို လက်တွေ့ကြုံခဲ့ဖူးသူများ ရှိကြောင်း၊ ဘုရား၌ စောင့်ကြပ်နေသည့် မမြင်အပ်သော ပုဂ္ဂိုလ်များအား ဆရာတော် ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်ဟု ဆရာတော် အရှင်သီရိဉာဏက မိန့်ကြားသည်။

ထားဝယ်ဒေသတွင် ထင်ရှားကျော်ကြားသည့် ရှင်ကိုးရှင်သမိုင်းဝင် စေတီဘုရားများအဖြစ် သတ်မှတ်ထားသော တောင်သုံးတောင် တောသုံးတော မြို့သုံးဆူအတွင်း၌ ရှင်ပင်္သာယုဘုရားမှာ မပါဝင်သော်လည်း ၎င်းရှင်ပင်္သာယုဘုရားမှာ ရှင်ကိုးရှင်အတွင်းရှိ မြို့သုံးဆူ၌ ပါဝင်ကြောင်း ငြင်းခုံမှုများလည်း ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်ကလည်း ထားဝယ်မြို့ တစ်ဖက်ကမ်းရှိ ကမြောကင်းရွာ၌ တည်ရှိသော ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောက်ထိန်ဘုရားကြီး၏ ယာဘက်မျက်လုံးတော်မှာ ရောင်ခြည်တော် ကွန့်မြူးနေကြောင်း ဘုရားဖူးသူအချို့ ဖူးတွေ့ခဲ့ရပြီးနောက် ဒေသခံအများအပြား လာရောက်ဖူးမြော်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ရောင်ခြည်တော် ထွက်ပေါ်နေသည့် ဘုရား၏ ယာဘက်မျက်လုံးတော်မှာ မျက်ရှင်တော်အဖြစ် သိရှိခဲ့ရသည်။

Most Read

Most Recent