သြဂုတ် ၈ ရက်အား ‘မြန်မာနိုင်ငံဒီမိုကရေစီနေ့’ အဖြစ် တရားဝင်သတ်မှတ်ပေးရန် တောင်းဆို

သြဂုတ် ၈ ရက်အား ‘မြန်မာနိုင်ငံဒီမိုကရေစီနေ့’ အဖြစ် တရားဝင်သတ်မှတ်ပေးရန် တောင်းဆို
Published 8 August 2017

 

သြဂုတ် ၈ ရက်အား ‘မြန်မာနိုင်ငံဒီမိုကရေစီနေ့’ အဖြစ် အစိုးရနှင့် လွှတ်တော်က တရားဝင်သတ်မှတ်ပေးရန်နှင့် ရှစ်လေးလုံး အရေးတော်ပုံသမိုင်းပြတိုက်ကြီး ပေါ်ပေါက်လာစေရေးအတွက် အစိုးရက အမြန်ဆုံး အသိအမှတ်ပြုဆောင်ရွက်ပေးရန် (၂၉) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကျင်းပရေးကော်မတီက ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

(၂၉) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယသာသနာ့ရိပ်သာ ကျောင်းတွင် သြဂုတ် ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘ပထမဆုံးအနေနဲ့ ရှစ်လေးလုံးကို ဒီမိုကရေစီနေ့အနေနဲ့ အသိအမှတ်ပြုဖို့။ ပြီးတော့ ပြတိုက်ကို နိုင်ငံတော်က တာဝန်ယူဖို့။ ကျွန်တော်တို့မှာ စုဆောင်းထားတာတွေက  တော်တော်များတယ်။ အဲဒါတွေက အဖိုး အင်မတန်ထိုက်တဲ့ ပစ္စည်းတွေ။ တကယ့်သမိုင်းဝင်တဲ့ အထိမ်းအမှတ်တွေ။ အဲဒါတွေ ကျွန်တော်တို့ တစ်ရက်ရက်မှာ တစ်ယောက်ယောက ်မသမာမှုနဲ့ ပျက်စီးသွားရင် ဆုံးရှုံး ရချည်ရဲ့လို့ ကျွန်တော်တို့ နေ့တိုင်းပူနေရတယ်။ အဲဒါတွေကို နိုင်ငံတော်အဆင့် လုံခြုံရေးမျိုး ရချင်တယ်။ ပြီးတဲ့အခါမှာ ဒီဟာကြီးကို၊ ဒီပြတိုက်ကို လည်ပတ်ဖို့အတွက်လည်း  ပညာရှင်တွေ၊ နိုင်ငံတကာမှာ ပညာသင်ခဲ့တဲ့ ပညာရှင်တွေလည်းရှိတယ်။ အဲဒီတော့ ပြတိုက်ပညာရှင်တွေနဲ့ပေါင်းပြီး နိုင်ငံတော် က တာဝန်ယူစေချင်တယ်။ အဲဒါက အဓိကပေါ့။ ပြီးတော့ ရှစ်လေးလုံးနေ့ကို ဒီမိုကရေစီနေ့အဖြစ် အသိအမှတ်ပြုပေးဖို့။ လွှတ်တော် နဲ့ အစိုးရကို ပြောတယ်ပေါ့နော်။ အဓိက,က မီဒီယာတွေ။ ကျွန်တော်တို့ကိုယ်တိုင်က ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနေ့ပဲလို့ သုံးစွဲတယ်ဆိုရင်ကို တော်တော်ဟုတ်ပြီ။ ခုနက ပြောတဲ့ လွှတ်တော်တို့၊ ဘာတို့ လုပ်တာက တော့ တရားဝင်ဖြစ်မှုပေါ့။ တကယ်တမ်း နောက်ဆုံးကျရင် လွှတ်တော်တွေ၊ အစိုးရတွေက မဆုံးဖြတ်နိုင်ခင်မှာ ပြည်သူလူထုက စောစောစီးစီး အောင်အောင်မြင်မြင် ဆုံးဖြတ်ပြီး ခေါ်ဝေါ်လိုက်ရတဲ့ ကိစ္စရပ်တွေ အများကြီး ရှိတယ်။ အဲဒါမျိုးလည်း ကျွန်တော်တို့ တစ်ဖက်ကနေ ကြိုးစားကြရမယ်’’ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်  ဦးမင်းကိုနိုင်က ပြောကြားသည်။

ရှစ်လေးလုံ းဒီမိုကရေစီရေးလှုပ်ရှားမှု လူထုအရေးတော်ပုံကြီးသည် ယနေ့အချိန်အခါတွင် (၂၉) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ဒီမိုကရေစီရေး ရည်မှန်းချက်များ ခရီးရောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းရှိ၊ မရှိကို ၈၈ မျိုးဆက်များ အားလုံး ပြန်လည်သုံးသပ်သင့်သော အချိန်ကာလသို့ ရောက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ငွေရတုဆုံးဖြတ်ချက်သုံးရပ်တွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် ထူထောင်ရန်၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန်ဟူ၍ ထုတ်ပြန်ကြေညာခဲ့သည့်အတိုင်း နိုင်ငံရေးအင်အားစုများအားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်၍ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးဆန္ဒရှိရှိ ရှင်းရှင်းလင်းလင်းဖော်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့ကြသည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို အလေးအနက်ထား အသိအမှတ်ပြု၍  အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး ကြိုးပမ်းလှုပ်ရှားမှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခြိမ်းခြောက်နှောင့်ယှက် ခံနေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Most Read

Most Recent