<

မှိုင်းတိုက်ခြင်းနှင့် ရေကြောင်းကျပ်ခြင်းကြောင့် ချင်းတွင်းမြစ်အတွင်း ရေယာဉ်အချို့သောင်တင်၍ ခရီးသည်များ ဆင်းတွန်းရ

ခန္တီးမြို့နယ်​ စိန်​နန်း​ကျေးရွာအနီးတွင်​ ခရီးသည်​တင်​ ရှော်​တယ်​အမြန်​ယာဉ်​ ​သောင်​တင်​​နေ၍ ခရီးသည်​များ ဆင်းတွန်း​နေစဉ်

မှိုင်းတိုက်ခြင်းနှင့် ရေကြောင်းကျပ်ခြင်းတို့ကြောင့် ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဉ်များ သွားလာရခက်ခဲလာပြီး ရေယာဉ်အချို့သောင်တင်ကာ ခရီးသည်များ ရေထဲဆင်းတွန်းခဲ့ကြရသည်ဟု ခရီးသွားများနှင့် ဒေသခံများထံမှ သိရသည်။

“ရေကြောင်းက ကောင်းတဲ့နေရာကောင်းတာပေါ့။ မကောင်းတဲ့နေရာ မကောင်းပေါ့။ ဒီနေ့မနက် ခန္တီးကနေ ထွက်လာတော့ ခန္တီး ပတ်ဝန်းကျင်နားလေးက ရေကြောင်းက အတော်ကျပ်တယ်။ ခန္တီးကနေ မနက် ၆ နာရီ ၄၀ မိနစ် ထွက်တယ်။ ၇ နာရီကျော်လောက်ကျတော့ သောင်တင်ပြီ။ မှိုင်းတွေကလည်း တအားတိုက်တယ်။ ရှော်တယ်ကို ၀ိုင်းတွန်းချ ပြီးတော့ ၈ နာရီခွဲလောက်ကျတော့ ပြန်ထွက်ရလာတယ်။ ထမံသီ ထမင်းစားရပ်နားစခန်းမှာလည်း ခဏပဲရပ်တယ်။ ထမင်းထုပ်ထုပ်ခိုင်းပြီ ပြန်ထွက်ခဲ့ပါတယ်။ ရေကြောင်းအကျပ်ဆုံးနေရာတွေက ခန္တီးနားလေးဆိုရင် ခန္တီး အထွက်လည်း ကျပ်တယ်။ ဆင်သေရွာ၊ စိန်နန်းကျေးရွာ၊ ငုတ်တစ်ထောင်တို့မှာ ကျပ်တယ်။ တခြားနေရာတွေက ရေကြောင်းကျပ်တယ်ဆိုပေမယ့် ငယ်လမ်းကြောင်းလေးတွေက ကောင်းလာတယ်။ ထမံသီအောက်ရောက်တော့ နန်းဦးတီးတို့၊ သာယာကုန်းတို့ မှာကျပ်တယ်။ မှိုင်းကလည်း မနက် ၁၀ နာရီလောက်မှကွဲတယ်။ ကျွန်တော်တို့ သောင်တင်ပြီး ပြန်ထွက်လာခါနီး ၈ နာရီလောက် နေပြန်ထွက်လာပြီးတော့ မှိုင်းပြန်တိုက်တာ။ မှိုင်းတွေနဲ့ဆိုတော့ ရေကြောင်းကြည့်ရတာ မကောင်းဘူး။ မြစ်ကြောင်းဆိုတော့ မှိုင်းပိုတိုက်တယ်” ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ခန္တီးမြို့မှ စုန်ဆင်းလာသူ ဦးဘကြိုင်က ဆိုသည်။

ချင်းတွင်းမြစ်သည် ရေကျဆင်းနေမှုကြောင့် အချို့နေရာများတွင် ရေကြောင်းကျပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး မော်လိုက်မြို့ ၀န်းကျင်နေရာတွင်လည်း ရေကြောင်းကျပ်နေမှုကြောင့် ရေယာဉ်သွားလာရန် ခက်ခဲနေပြီး မြစ်ရေကို အသုံးပြုလျက်ရှိသော မော်လိုက်မြို့ လူထုသည်လည်း ရေသုံးစွဲရန် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

“မော်လိုက်ကို ၀င်မယ်ဆိုရင် သောင်ပြင်က ပိတ်တယ်။ ပိတ်သွားတော့ ရှော်တယ်တွေ ဆိုက်ရတဲ့အခါ သောင်ပြင်ကိုကွေ့ဝိုက်ပြီး ၀င်ရတော့ အဆင်မပြေဘူး။ မြို့တည့်တည့်မှာ သောင်ပြင်က ခံသွားတာကိုး။ စွယ်တော်ဘက် အခြမ်းကနေ ၀င်ရတာ။ စွယ်တော်ဆိုတာ မော်လိုက်မြို့ မြောက်ဘက်ခြမ်းကနေ လှည့်ပတ်ဝင်ရတာ။ ပြန်ထွက်ရင်လည်း အဲဒီကကွေ့ပြီး ပြန်ထွက်ရတယ်။ အခုတော့ သောင်ပြင်ထွန်းတာကို ရေလမ်းကို အကြံပြုကြတယ်။ ရပ်ကွက်ကလူတွေ တင်ပြကြတယ်။ သူတို့လုပ်တာ နောက်ကြတယ်။ ရေအီမှလုပ်တော့ ရေလာမြောင်းပေးမဖြစ်ဘူး။ အခုတော့ ရေနည်းနည်းအီသွားပြီ။ (ရေမစီးတော့ဘူး) ဒါကို မလုပ်နိုင်ရင်တော့ သုံးရေ၊ ချိုးရေတွေ အဆင်မပြေဘူး။ ကျောင်းမြောက်၊ ကျောင်း တောင်ရပ်ကွက်တွေက အဲဒီရေကို အားထားရတယ်။ လောလောဆယ် ဖောက်ပေးလို့ ရေစီးသွားရင် အဆင်ပြေမှာပါ။ အခုတိုင်းထွာနေကြတယ်။ အခုလို ဖြစ်တာက အစုန်သမားတွေ ဒုက္ခရောက်တာပါ။ ကွေ့ပတ်ပြီး လှည့်ဝေနေရတယ်။ လိုင်းသမား (မော်လိုက်နှင့် ချင်းတွင်း မြစ်ဘေးကျေးရွာများ ပြေးဆွဲသော ရေယာဉ်လိုင်း) တွေ အဆင်မပြေဘူး။ ခ၀ဲလိုင်း၊ ပန်းသာလိုင်း၊ ကင်းတပ်လိုင်းပေါ့။ အဲဒီလိုင်းတွေက မော်တော်အခွံကြီးတာကိုး။ သောင်ပြင်က ပိုကျယ်လာပြီး မြို့ကိုပိတ်သွားတာ” ဟု မော်လိုက်မြို့မှ ကိုစည်သူက ပြောကြားသည်။

December 31, 2017














Copy Protected by Chetan's WP-Copyprotect.