ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဆန်ပွဲရုံတစ်ရုံအတွင်းမှ ကျပ်သိန်း ၈၇၀ ကျော် ခိုးယူခံရမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဆန်ပွဲရုံတစ်ရုံအတွင်းမှ ကျပ်သိန်း ၈၇၀ ကျော် ခိုးယူခံရမှုဖြစ်ပွား
Published 1 January 2018

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဆန်ပွဲရုံ နေအိမ်အတွင်း သိမ်းဆည်းထားသည့် ကျပ် သိန်း ၈၇၀ ကျော် ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ ဆွေးနွေးဘုရားလမ်းရှိ ရွှေဖလားဆန်ရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင်များမှာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပေါင်းတည်မြို့ရှိ နာရေးအိမ်သို့သွားရန် ပွဲရုံအား ပိတ်သွားခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက် ညနေက ပွဲရုံသံပန်းတံခါးများ ပွင့်နေကြောင်း ပွဲရုံတွင် အလုပ်လုပ်ခဲ့ဖူးသူက ဖုန်းဆက်အကြောင်းကြားခဲ့ရာက နေအိမ်သို့ပြန်လာခဲ့ပြီး တိုင်ကြားစစ်ဆေးခဲ့ရာက ခိုးယူခံရခြင်းကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ဆန်ပွဲရုံပိုင်ရှင်ဦးရဲနိုင်က ပေါင်းတည်မှာရှိတဲ့ နာရေးကို သူ့ဆန်ပွဲရုံပိတ်ပြီးသွားတယ်။ မနေ့က ညနေ ၅ နာရီလောက်မှာ သူ့ရဲ့ဆန်ပွဲရုံအပေါ်ထပ်က သံပန်းတံခါးတွေ ပွင့်နေတာကို သူ့ရဲ့ ဆန်ပွဲရုံမှာ လုပ်ခဲ့တဲ့ အလုပ်သမားတစ်ယောက်က သူ့ကိုဆက်သွယ်တယ်။ သူ့ညီကိုသွားကြည့်ခိုင်းတော့ ဟုတ်တယ်။ ပွင့်နေတာကိုတွေ့တော့ သူပြန်လာတယ်။ ပြန်လာတော့ မနေ့က ၇ နာရီ ၁၀ မိနစ်လောက် ပြန်ရောက်လာပြီး ရဲစခန်းကိုလည်း အကြောင်းကြားတော့ သက်သေတွေနဲ့ ဝင်စစ်ဆေးတဲ့အခါမှာ သူ့အခန်းထဲမှာ အလူမီနီယံ ရှိုးကေ့စ်နဲ့ထားတဲ့ အပေါ်မှာ လွယ်လင့်တကူပဲ ယူလို့ရတဲ့ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ငွေတွေ ပျောက်ဆုံးသွားတယ်ဆိုတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်” ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးပြုံးလွင်က ပြောကြားသည်။

ခိုးယူခံရမှုအတွက် မူလတိုင်ချက်တွင် ကျပ်သိန်း ၁၁၂,၃၃၈,၀၀၀ ဖြစ်ပြီး မီးခံသေတ္တာအတွင်း ကျပ်သိန်း ၂၅၀ ပြန်လည်တွေ့ရှိသဖြင့် ခိုးယူခံရသည့် ငွေပေါင်း ကျပ် ၈၇,၃၃၈,၀၀၀ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “ဒီနေရာမှာ လူမရှိတာကိုသိလို့ တက်ရှာရင်း ငွေထုပ်ကိုတွေ့တာလား။ ဒါမှမဟုတ် ဒီအိမ်မှာဒီနေရာမှာ ငွေထားတာကိုသိတဲ့လူ၊ ပြောရရင်တော့ အတွင်းလူပေါ့။ အဲဒီလိုမျိုး နှစ်ပိုင်းထည့် စဉ်းစားရတယ်။ အဲဒါတွေကတော့ မနေ့က ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စီစဉ်ပါတယ်။ ဆက်လက်ပြောပြီးတော့ ထောင်လွတ် အကျဉ်းသားတွေထဲမှာ အရင်တုန်းက ခိုးမှု၊ ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး လွတ်မြောက်လာတာတဲ့သူတွေ ရှိ မရှိပေါ့။ အဲဒီလူတွေ သွားလာလှုပ်ရှားမှု အခြေအနေတွေ ကျန်တဲ့စခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိတယ်။ အခြားနယ်က လာကျူးလွန်တဲ့ သူခိုးတွေ လာရောက်တည်းခိုရာ နေအိမ်ရပ်ကွက် မင်္သကာတွေကို စစ်ဆေးခိုင်းနေတာမျိုးတွေ ရှိပါတယ်” ဟု ဒုရဲမှူးပြုံးလွင်က ပြောကြားသည်။

Most Read

Most Recent