လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိခြင်းမရှိဘဲ ငါးမွေးမြူရေးလုပ်နေသူများအား တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်း ပေးဆောင်ရန် မတ္တရာငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်

လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိခြင်းမရှိဘဲ ငါးမွေးမြူရေးလုပ်နေသူများအား တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်း ပေးဆောင်ရန် မတ္တရာငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်
Published 1 January 2018

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိခြင်းမရှိဘဲ ငါးမွေးမြူရေးလုပ်နေသူများအား တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်းပေးဆောင်ရန် မတ္တရာငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၅/၂၀၁၇။ ဆုံးဖြတ်ချက် အပိုဒ် ၅၁(က) အရ လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်ရရှိခြင်းမရှိဘဲ ငါးမွေးမြူရေး လုပ်ကိုင်နေသူများအနေဖြင့် တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်း ပေးဆောင်ကာ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ဆက်လက်လျှောက်ထားရမည်ဖြစ်ပြီး လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ရယူပြီးမှသာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ငါးမွေးကန်လိုင်စင် အခွန်အခများကို ကောက်ခံ ဆောင်ရွက်သွားရမည်ဟု ညွှန်ကြားထားသည့်အတွက် မတ္တရာမြို့နယ်အတွင်းရှိ ငါးမွေးကန်ပိုင်ရှင်များအနေဖြင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံသို့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်များကို အမြန်ဆုံး လျှောက်ထားရယူ ဆောင်ရွက်ကြရန် အသိပေးအပ်ကြောင်း အဆိုပါ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် ရရှိရန် မိမိတို့ အကြိမ်ကြိမ် လျှောက်ထားသော်လည်း ချပေးခြင်းမရှိကြောင်း၊ မတ္တရာမြို့နယ်တွင် ငါးမွေးကန် ဧက ၄၀၀၀ ကျော်ရှိပြီး ယင်း ဧက ၄၀၀၀ ကျော်အနက် အခြားနည်းသုံးစွဲခွင့်ရသည့် ဧကမှာ ရာဂဏန်းခန့်သာ ရှိနိုင်ကြောင်း ငါးမွေးကန်လုပ်ငန်းရှင်များထံမှ သိရသည်။

“တစ်ဧကကို ၁၀ သိန်းဆိုတာကတော့ အရမ်းများလွန်းတာမို့ ဒဏ်ကြေးလျှော့ချပေးဖို့ စုပေါင်းတောင်းဆိုသွားမှာပါ။ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ကို အကြိမ်ကြိမ် လျှောက်ထားပေမယ့် ဘာလို့မချပေးတာလဲဆိုတာကိုလည်း တာဝန်ရှိသူ လူကြီးမင်းတွေ အောက်ခြေထိ ဆင်းလေ့လာစေချင်ပါတယ်။ ပြည်ပကို ရောင်းဖို့မွေးတာ မဟုတ်ပါဘူး။ ဒေသတွင်း ဈေးကွက်အတွက်ပဲ မွေးနေတာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Most Read

Most Recent