အမ်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်အတုဖြင့် ခေါ်လာသည့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့် ပို့ဆောင်သူအား ဖမ်းမိ

အမ်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်အတုဖြင့် ခေါ်လာသည့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့် ပို့ဆောင်သူအား ဖမ်းမိ
Published 1 January 2018

ရခိုင်ပြည်နယ် အမ်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်အတုဖြင့် ခေါ်ဆောင်လာသူ ဘင်္ဂါလီအမျိုးသမီးတစ်ဦးနှင့် ပို့ဆောင်သူတို့အား ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ လိုက်ပါပို့ဆောင်သူမှာ စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာမှ အောင်ကျော်မိုး (၂၈ နှစ်) (ဘ) ဦးအောင်ကြီးဖြစ်ပြီး စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ (ပြင်ဖြူမော်ဇာတိ) ဘင်္ဂါလီအမျိုးသမီး မဇွေနောက်ချေ (၁၇ နှစ်) (ဘ) အဒူရှုကူရ်ဖြစ်ကြောင်း၊ အခကြေးငွေယူကာ အောင်ကျော်မိုး၏ဇနီး မှတ်ပုံတင်ဖြင့် မဇွေနောက်ချေအား ကားဖြင့် ရန်ကုန်မြို့သို့ လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်ကာ အမ်းမြို့နယ် ပဲပဒုမ္မာစစ်ဆေးရေးဂိတ်တွင် စစ်ဆေး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး အမ်းမြို့နယ် လဝကရုံးက “အောင်ကျော်မိုးဆိုတဲ့ လူက သူ့မိန်းမရဲ့ မှတ်ပုံတင်နဲ့ ဘင်္ဂါလီမလေးကို ခေါ်လာတယ်။ သူ့မိန်းမဆိုတဲ့ စာရွက်စာတမ်းနဲ့ ဖြည့်စွက်ပြီးတော့ ခေါ်လာတာပေါ့။ ကျွန်တော်တို့က စစ်ဆေးပေါ်ပေါက်တဲ့အတွက် အောင်ကျော်မိုးကိုတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ လုပ်နိုင်ဖို့အတွက် စခန်းကို အပ်လိုက်တယ်။ ဘင်္ဂါလီမလေးကိုတော့ ကျွန်တော်တို့က ၆ (၂)၊ ၆ (၃) နဲ့ တရားစွဲဆိုသွားဖို့အတွက် စိစစ် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီများအား အခကြေးငွေယူဆောင်ကာ လိုက်ပါပို့ဆောင်မှုများကို ဖမ်းဆီးရရှိမှုများစွာရှိခဲ့ပြီး မကြာမီရက်ပိုင်းကလည်း ကြေးမုံသတင်းထောက်တစ်ဦးက ကျောက်ဖြူမြို့နယ်မှ ဘင်္ဂါလီများကို ကားဖြင့်ခေါ်ယူ ပို့ဆောင်ခြင်းအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent