မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ် စစ်ဆေးရေးဂိတ်အနီး အဝေးထိန်းမိုင်း တစ်လုံးတွေ့ရှိ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ် စစ်ဆေးရေးဂိတ်အနီး အဝေးထိန်းမိုင်း တစ်လုံးတွေ့ရှိ
Published 1 January 2018

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး အမည်မသိအဖွဲ့မှ ထောင်ထားသော အဝေးထိန်းမိုင်းတစ်လုံး ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ၁၀၅ မိုင် မေတ္တာရောင်စဉ်ပရဟိတအဖွဲ့ထံမှ သိရသည်။

“မနက် ၉ နာရီ ၄၅ မိနစ်လောက်က ယာဉ်ငယ်စစ်ဆေးရေးဂိတ်က ဝန်ထမ်းတွေ အပေါ့အပါးသွားရင်းနဲ့ တွေ့တာ။ ၂၄ ရက်နေ့က မိုင်းတွေ့ခဲ့တဲ့နေရာနဲ့ သိပ်မကွာဘူး။ တပ်မ (၈၈) က တပ်မတော်သားတွေ လာရောက်ပြီး သက်မဲ့ဖြစ်အောင် ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ အဝေးထိန်းမိုင်းလို့ သိရတယ်။ ယမ်းအား တော်တော်ပြင်းတယ်လို့ သိရတယ်”ဟု မေတ္တာရောင်စဉ်ပရဟိတအဖွဲ့မှ ကိုသိန်းဇော်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင်လည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြည်ထောင်စုလမ်းမကြီးဘေး ကတ္တားဟောင်းအနီး အဝေးထိန်းမိုင်း တစ်လုံးတွေ့ရှိခဲ့ပြီး တပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၅) မှ တပ်မတော်သားများမှ မိုင်းအား သက်မဲ့ဖြစ်အောင် ပြုလုပ်ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ညနေ ၄ နာရီ ၁၅ မိနစ်၊၂၅ မိနစ်အချိန်များတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ အမည်မသိ လက်နက်ကိုင်တစ်စု လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ကာကာ ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent