ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကပိုင် ရခိုင်မုန့်တီခြောက်လုပ်ငန်း လုပ်ကိုင်သူများလာ

ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကပိုင် ရခိုင်မုန့်တီခြောက်လုပ်ငန်း လုပ်ကိုင်သူများလာ
Published 1 January 2018

လက်ရှိလုပ်ကိုင်လျက်ရှိသည့် ရခိုင်မုန့်တီခြောက်လုပ်ငန်းခွင်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပုဂ္ဂလိကပိုင် ရခိုင်မုန့်တီခြောက်လုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက် မြင့်မားလာကြောင်း ရမ်းဗြဲမြို့နယ် အခြေစိုက် ရွှေရခိုင်အဆင့်မြင့် သဘာဝမုန့်တီခြောက်လုပ်ငန်းရှင်ထံမှ သိရသည်။

အချိန်တိုအတွင်း ယခုကဲ့သို့ ဖြန့်ဖြူးမှု အားကောင်းလာရခြင်းမှာ ရခိုင်မုန့်တီကို ရခိုင်လူမျိုးတိုင်း မဖြစ်မနေ စားသုံးလေ့ရှိခြင်း၊ ရခိုင်ဒေသထွက် ဆန်များကောင်းမွန်ခြင်း၊ ဈေးနှုန်းချိုသာခြင်းတို့ကြောင့် ပြည်ပနှင့် ပြည်မမှတင်သွင်းသော မုန့်တီခြောက်များထက် ရခိုင်မုန့်တီခြောက်များကို စားသုံးသူများ ကြိုက်နှစ်သက်သောကြောင့်ဖြစ်သည်ဟု ရွှေရခိုင်မုန့်တီ စက်ရုံပိုင်ရှင် ဦးကျော်ကျော်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်လူမျိုးတွေ အဓိက စားသုံးတဲ့ ရခိုင်မုန့်တီခြောက်ကို ကျွန်တော် စက်ရုံဖွင့်တဲ့ တစ်နှစ်အတွင်းမှာပဲ တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲမြို့နယ်တို့မှာ ရခိုင်မုန့်တီကို အချိန်တိုတိုအတွင်းမှာ ဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးသို့ ရခိုင်မုန့်တီခြောက်ကို တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးရောင်းချသွားဖို့ အစီအစဉ် ရှိပါတယ်။ အခုကျွန်တော်တို့ ရမ်းဗြဲရွှေ ရခိုင်မုန့်တီခြောက်လုပ်ငန်း စက်ရုံမှာဆိုလို့ရှိရင် နန်းကြီး၊ နန်းသေး နှစ်မျိုးထုတ်လုပ်ပါတယ်” ဟု ရွှေရခိုင်အဆင့်မြင့် သဘာဝမုန့်တီခြောက်စက်ရုံပိုင်ရှင် ဦးကျော်ကျော်နိုင်က ပြောကြားသည်။

ရမ်းဗြဲဒေသခံများက ပြည်မကလာသော မုန့်တီခြောက်များထက် ရွှေရခိုင်မုန့်တီခြောက်များကို ပို၍နှစ်သက်ကြကြောင်း ရမ်းဗြဲမြို့ အမှတ် (၂) ရပ်ကွက်မှ မုန့်တီခြောက်ရောင်းချသူ မဇာခြည်ဝင်းက ပြောကြားသည်။

“ရမ်းဗြဲအတိုင်းအတာနဲ့ ကြိုက်ကြပါတယ်။ နယ်တွေကလည်း လာဝယ်ကြတယ်။ ရွှေရခိုင်ကတော့ ရောင်းရပါတယ်။ စားတဲ့လူတွေကလည်း ရွှေရခိုင်မုန့်တီ ကြိုက်ကြပါတယ်။ အရင်ကတော့ ဗမာပြည်က မုန့်ကိုရောင်းရပါတယ်။ အခုကတော့ နောက်ပိုင်းမှာ ရွှေရခိုင်မုန့်တီ ကို ပိုပြီးအကြိုက်တွေ့ စားလာကြပါတယ်” ဟု ရမ်ဗြဲမြို့ ကုန်စုံဆိုင်ပိုင်ရှင် မဇာခြည်ဝင်းက ပြောကြားသည်။

ပြည်မမှလာသော မုန့်တီခြောက်နှင့် ရခိုင်မုန့်တီခြောက်တို့ ကွဲပြားပုံနှင့်ပတ်သက်၍ ရမ်းဗြဲမြို့ အမှတ် (၃) ရပ်ကွက်မှ မုန့်တီခြောက်အရောင်း ဆိုင်ပိုင်ရှင် ဦးတင်မောင်ရီက “သယ်ယူခတွေကိုတော့ သူတို့ဟာသူတို့ ကျခံပါတယ်။ ကျွန်တော်တို့ကို အိမ်တိုင်ရာ ရောက်ပို့ပေးတယ်။ ကျွန်တော်တို့က နီးနီးနားနားဆိုတော့ ကိုယ်တိုင်သွားယူရင်လည်း ရတယ်။ ကျွန်တော်တို့ကတော့ လွယ်ကူသလို တွေ့တယ်။ ဟိုတုန်းကတော့ ဒီလိုမုန့်တီခြောက်တွေ အများကြီး ရောင်းဖူးတယ်။ ဒါပေမဲ့ လေလွင့်မှုတွေများတယ်။ ဝန်ဆောင်မှုတွေများ ပါတယ်။ စားသုံးသူတွေအတွက်လည်း မလတ်ဆတ်။ ဟိုကပုံးနဲ့တင် လာလို့ရှိရင် ရေစိုလာတဲ့အခါ ဒီမုန့်တွေက အားလုံးမည်းပြီးတော့ ဆားငန်တွေ ပေါက်သွားတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ တာရှည်မထားဘူး။ အလွန်ဆုံး တစ်ပတ်။ ၁၀ အိတ်လောက်ကို အစွန်းကုန် နှစ်ပတ်ပေါ့” ဟု ရမ်းဗြဲမြို့ ရွှေမုန့်တီခြောက် အရောင်းဆိုင်ပိုင်ရှင် ဦးတင်မောင်ရီက ပြောကြားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်မုန့်တီခြောက်များကို မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ် တပ်တောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိရာ ရမ်းဗြဲမြို့နယ်မှ ထုပ်လုပ်လျက်ရှိသော ရွှေရခိုင်မုန့်တီခြောက် ဖြန့်ဖြူးမှုမှာ အားအကောင်းဆုံးဖြစ်နေသည်။

ရွှေရခိုင်မုန့်တီခြောက် ထုတ်လုပ်သည့်စက်ရုံကို ရမ်းဗြဲမြို့နယ် လက်ပန်အဝကျေးရွာအနီးတွင် ၂၀၁၆ ခုနှစ်အတွင်းက စတင်တည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် ပြည်မအထိ ရခိုင်မုန့်တီခြောက်များ ဖြန့်ဖြူးရန် ကြိုးပမ်းလျက်ရှိကြောင်း ရွှေရခိုင်မုန့်တီလုပ်ငန်းမှ သိရသည်။

Most Read

Most Recent