မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့

မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့
Published 1 January 2018

ငှက်ဖျားရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင် ဖတ်ရှုနေသူတစ်ဦးအား တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်အတွင်း မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၌ ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့ရန်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း လွန်ခဲ့သော ငါးနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုကို ၈၆ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်းကို ၉၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း WHO Global Technical Strategy and Strategy for Malaria Elimination in the Greater Mekong Subregion ကို အခြေခံပြီး အမျိုးသား ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက်ရေးဆွဲပြီး လုပ်ငန်းများ စတင်လျက်ရှိကြောင်းနှင့် ငှက်ဖျားရောဂါ လျော့နည်းကျဆင်းလာသော်လည်း ဝေးလံခက်ခဲသည့်နေရာများ၊ နယ်စပ်ဒေသများ၊ ရွှေ့ပြောင်းနေထိုင်သူများတွင် ဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး ငှက်ဖျားဆေးယဉ်ပါးမှုနှင့် အာတီမီဆီနင်းငှက်ဖျားဆေးပေါင်းကို ဆေးယဉ်ပါးမှုများသည်လည်း မဟာမဲခေါင်ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိပ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးရာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ချ်အိုင်ဗွီရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်းနှင့် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

Most Read

Most Recent