စတော့အိတ်ချိန်းအတွက် ရွေးချယ်ခံထားရသည် MAPCO မှ အကျိုးစီးပွားသက်ဆိုင်သူများ၏ ကျင့်ဝတ်၊ အစုရှယ်ယာထည့်ဝင်သူများ၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သူများအပေါ် တာဝန်ယူတာဝန်ခံမှု၊ အလွဲသုံးစားမှုများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေမှုများအတွက် အမည်မဖော်ဘဲတိုင်ကြားနိုင်မှု ယနေ့စတင်မည်ဟု MAPCO ထုတ်ပြန်

စတော့အိတ်ချိန်းအတွက် ရွေးချယ်ခံထားရသည် MAPCO မှ အကျိုးစီးပွားသက်ဆိုင်သူများ၏ ကျင့်ဝတ်၊ အစုရှယ်ယာထည့်ဝင်သူများ၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သူများအပေါ် တာဝန်ယူတာဝန်ခံမှု၊ အလွဲသုံးစားမှုများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေမှုများအတွက် အမည်မဖော်ဘဲတိုင်ကြားနိုင်မှု ယနေ့စတင်မည်ဟု MAPCO ထုတ်ပြန်
Published 1 January 2018

MAPCO မှ နေပြည်တော်တွင် တည်ဆောက်နေသော စပါးခွံမှ လျှပ်စစ်ထုတ်ယူရေးစက်ရုံ၊ စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးစက်ရုံစီမံကိန်းကို တွေ့ရစဉ် (Photo - MAPCO)

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းလီမိတက် (MAPCO ) ၏ဝန်ထမ်းများ၊ အကျိုးစီးပွားသက်ဆိုင်သူများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ အစုရှယ်ယာ ထည့်ဝင်သူများ၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သူများအပေါ် တာဝန်ယူတာဝန်ခံမှု၊ အလွဲသုံးစားမှုများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေမှုများအတွက် အမည်မဖော်ဘဲတိုင်ကြားနိုင်မှု  (Whistle Blowing) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း MAPCO က သတင်းထုတ်ပြန်သည်။

MAPCO အနေဖြင့် ရုံးတွင်းပိုင်းစီမံခန့်ခွဲမှုနှင့် ထိန်းကွပ်မှု (Internal Control and Structure) ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ အပါအဝင် အကြီးတန်း၊ အငယ်တန်းဝန်ထမ်းအားလုံးကို နိုင်ငံတကာနှင့် ပြည်တွင်းတွင် လက်ခံကျင့်သုံးနေသော အကျင့်စာရိတ္တပိုင်းဆိုင်ရာ စံနှုန်းများနှင့်အညီ သိက္ခာ၊ သမာဓိရှိစွာဖြင့် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံရန် မူဝါဒချမှတ်ထားသည်။

MAPCO ၏ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော တည်ဆဲဥပဒေများ၊ ကုမ္ပဏီမှ လက်ခံကျင့်သုံးလျက်ရှိပြီး အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသော UN Global Compact ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် တာဝန်ရှိသဖြင့် Whistle Blowing မူဝါဒကို သိရှိလိုက်နာနိုင်ရန် ထုတ်ပြန်ခြင်း ဖြစ်သည်။

MAPCO တွင် တာဝန်ထမ်းဆောင်နေသော တစ်စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ဖွဲ့သည် တည်ဆဲဥပဒေများ၊ MAPCO မှ ချမှတ်ထားသော မူဝါဒများ၊ စည်းကမ်းချက်များ၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ ချိုးဖောက်မှုများ၊ အလွဲသုံးစားမှုများနှင့် MAPCO ၏ အကျိုးစီးပွား မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင် ဆောင်ရွက်မှုများကို ပြုလုပ်ကြောင်းသိရှိခြင်း နှင့် ပြုလုပ်ကြောင်း သံသယရှိသဖြင့် ယင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် လိုအပ်ပါက၊ ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင် မဟုတ်သော ဒါရိုက်တာ (Nonexecutive Director) ထံ တင်ပြသတင်းပေးနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ မူဝါဒချမှတ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအပါဝင် MAPCO နှင့် သက်ဆိုင်သူများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုနှင့် အစုရှယ်ယာထည့်ဝင်သူများ၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သူများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အတွက်ဖြစ်သည်။ ထို့ပြင် ဝန်ထမ်းများ၏ ရပိုင်ခွင့်များ၊ အကြံပြုချက်များကို ပေးပို့နိုင်ရန်စီစဉ်ပေးမှုလည်း ဖြစ်သည်။ ရာထူးအလိုက်အဆင့်ဆင့် အုပ်ချုပ်မှုကြောင့် အောက်ခြေမှ အထက်သို့ တင်ပြအကြံပြုနိုင်မှု အားနည်းပြီးအပြစ်ပေးခံရမည်ကို စိုးရိမ်ခြင်း (သို့မဟုတ်) ဖွင့်ဟတင်ပြနိုင်ရန် အခြေအနေမပေး၍ ကြိတ်မှိတ်မြိုသိပ်ထားရခြင်းမှ ကာကွယ်ပေးရန်လည်း ဖြစ်သည်။

တိုင်ကြားအသိပေးမှုများကို စနစ်တကျ စုံစမ်းဖော်ထုတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် ဒါရိုက်တာအဖွဲ့မှ အပြည့်အ၀ တာဝန်ယူမည် ဖြစ်သည်။ ထို့ပြင် တင်ပြတိုင်ကြားသည့် ကိစ္စနှင့်ပတ်သက်၍ လုံခြုံစွာဖြင့် လျှို့ဝှက်ထားရန်နှင့် တိုင်ကြားသူကို အပြည့်အ၀ အကာအကွယ်ပေးရန် ဒါရိုက်တာအဖွဲ့နှင့် ကုမ္ပဏီမှ တာဝန်ယူမည်ဖြစ်ပြီး တိုင်ကြားမှုများကို အမည်ဖော်ပြတိုင်ကြားခြင်း (သို့မဟုတ်) အမည် ဖော်ပြခြင်းမပြုဘဲ တိုင်ကြားခြင်း (Whistle Blowing) စသည်ဖြင့် တင်ပြ သတင်းပို့နိုင်ပြီး ထိုသို့ ထုတ်ဖော်တိုင်ကြားမှုပြုလုပ်ခြင်းကြောင့် တိုက်ရိုက်၍သော်လည်းကောင်း၊ အငြိုးထားပြီး သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း ပြစ်ဒဏ်ခတ်ခံရနိုင်သည့် အန္တရာယ်မရှိစေဘဲ အပြည့်အဝကာကွယ်ပေးမည် ဖြစ်သည်။ တိုင်ကြားခံရသူများအတွက်ကိုလည်း ပြန်လည်ရှင်းလင်းချေပနိုင်မည့် အခွင့်အလမ်းကိုပေးမည်ဖြစ်ပြီး ဘက်လိုက်မှုကင်းစွာဖြင့် စုံစမ်းဖော်ထုတ်ခြင်းကို နည်းမှန်၊ လမ်းမှန် စီမံခန့်ခွဲဆောင်ရွက်ရန် ကုမ္ပဏီမှအပြည့်အ၀ တာဝန်ယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent