လက်ရှိအချိန်အထိ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက်လည်း ကျဆင်းကာ အပေါင်ဈေးကွက်သာ အားကောင်းလာဟုဆို

လက်ရှိအချိန်အထိ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက်လည်း ကျဆင်းကာ အပေါင်ဈေးကွက်သာ အားကောင်းလာဟုဆို
Published 1 January 2018

ရန်ကုန်မြို့လယ်တစ်နေရာရှိ နေအိမ်တိုက်တာ အဆောက်အုံများကို တွေ့ရစဉ်

အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အေးနေခြင်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ ဖြစ်နေကြောင်း၊ အငှားဈေးမှာလည်း ကျဆင်းပြီး အပေါင်ဈေးကွက်သာ အားကောင်းလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

ယင်းကဲ့သို့ အပေါင်ဈေးကွက်သာ အားကောင်းလာပါသဖြင့် အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထား မြင့်မားမှု အခက်အခဲကို လျှော့ချပြင်ဆင် သတ်မှတ်ပေးပါရန် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသည့် ဒုတိယသမ္မတ (၁) နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာတစ်နိုင်ငံလုံး၏ အိမ်ခြံမြေ တစ်ပေပတ်လည် မြေနှုန်းထားများကိုလည်း လက်ရှိပေါက်ဈေးနှင့် ကိုက်ညီမှုရရှိစေရေး နှစ်စဉ် ပြင်ဆင်ပေးရန်၊ တစ်ပေပတ်လည် မြေနှုန်းထားများကို စံနှုန်းရယူရာတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ခံများနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ပြုရန်၊ တစ်ပေပတ်လည် မြေနှုန်းထားများကို အခွန်ထမ်း ပြည်သူများအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ဖြန့်ဝေပေးရန် တင်ပြခဲ့သည်။

ယင်းကဲ့သို့ ကျဆင်းခဲ့သည့် အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၇ ခုနှစ်တွင်လည်း ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာခဲ့ကြောင်း အိမ်ခြံမြေ အသိုင်းအဝိုင်း သုံးသပ်ကြောင်း House.com.mm က ဒီဇင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေ အရောင်းအဝယ်ပိုင်းတွင် မြေကွက်အရောင်းအဝယ်မှာ ထူးခြားမှုမရှိဘဲ ကွန်ဒိုတိုက်ခန်းများမှာမူ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အနည်းငယ် အရောင်းအဝယ် ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေအကြံပေးနှင့် အကျိုးဆောင် လုပ်ကိုင်သည့် Maverick Management ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသက်နိုင်ဦးက သုံးသပ်သည်။

“နှစ်ဆန်းပိုင်းမှာ နည်းနည်းလေးသွက်တယ်။ နှစ်လယ်ပိုင်းမှာတော့ အေးသွားပါတယ်။ နှစ်ဆန်းပိုင်းမှာ အများစုက ကျပ်သိန်း ၂၀၀၀ အောက် ကွန်ဒိုတွေပဲ အရောင်းအဝယ်ဖြစ်တယ်။ တခြားမားကက် တော်တော်အေးခဲ့တယ်။ နှစ်ကုန်ပိုင်းမှာတော့ အရောင်းအဝယ် နည်းနည်းပြန်တက်လာတယ်။ သိန်း ၃၀၀၀ ဝန်းကျင်လောက် တိုက်ခန်းတွေ အရောင်းအဝယ် တက်လာတယ်။ အရောင်းအဝယ်ဖြစ်တဲ့ အရေအတွက်လည်း တက်လာတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေဆိုင်ရာ ပြပွဲများ ပြုလုပ်ခဲ့သော်လည်း ပြပွဲများတွင် အိမ်ခြံမြေတိုက်ခန်း ဝယ်ယူမှု နည်းခဲ့သလို အွန်လိုင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရန် ဝင်ရောက် ကြည့်ရှုမှုမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပုံမှန်ပင်ဖြစ်ကြောင်း House.com.mm Head of Sale and AM ဖြစ်သူ မအိမြတ်မွန်က ဆိုသည်။

အိမ်ခြံမြေ တိုက်ခန်းအငှား ဈေးကွက်တွင်မူ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အတွင်း ပုံမှန်ခန့်သာရှိခဲ့ပြီး မျှော်မှန်းထားသကဲ့သို့ အငှားမသွက်ခဲ့ကြောင်း Estate Myanmar Real Estate Agency မှ ဒါရိုက်တာ ဒေါက်တာထူးမြတ်နိုင်က သုံးသပ်သည်။

“အငှားပိုင်းမှာ ဈေးနှုန်းအမြင့်ပိုင်းတွေက နိုင်ငံခြားသား အငှားများပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်မှာက နိုင်ငံခြားကုမ္ပဏီတွေ၊ နိုင်ငံခြားသားတွေ ဝင်ရောက်မှုနဲ့ယှဉ်ရင် ဈေးကွက်ထဲရှိနေတဲ့ အိမ်၊ တိုက်ခန်း အရေအတွက်က နည်းနေတော့ အငှားသွက်တယ်။ ဈေးတက်တယ်။ ဒီနှစ်ပိုင်းမှာ Golden City တို့လို၊ Crystal Residence တို့လို အဆောက်အအုံတွေ ပြီးလာတယ်။ အခန်းအရေအတွက် များလာတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံခြားသား ဝင်ရောက်မှုက ယခင်နှစ်တွေကနဲ့ယှဉ်ရင် ထူးထူးခြားခြား တိုးလာတာမရှိဘူး။ ဒီတော့ ဈေးနှုန်းအမြင့်ပိုင်းမှာ အငှားဈေးကကျလာပါတယ်။ ငှားရမ်းမှုနှုန်းကတော့ ပုံမှန်ပါပဲ” ဟု ဒေါက်တာထူးမြတ်နိုင်က ရှင်းပြသည်။

အငှားဈေးနှုန်းအနေဖြင့် ကျပ်ငါးသိန်းအောက် အိမ်ခြံမြေတိုက်ခန်းများမှာ ကျဆင်းမှုမရှိခဲ့ဘဲ ဈေးနှုန်းအမြင့်ပိုင်းဖြစ်သည့် ကျပ် ၁၀ သိန်းနှင့်အထက် အိမ်ခြံမြေတိုက်ခန်းများမှာမူ ဈေးနှုန်း ရာခိုင်နှုန်း ၂၀ ခန့် ကျဆင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

အငှားပိုင်းတွင်လည်း ပုံမှန်အတိုင်းသာ ဆက်ရှိမည်ဟု ခန့်မှန်းထားပြီး နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့က အိမ်ခြံမြေဈေးကွက်ကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဒေါက်တာထူးမြတ်နိုင်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း House.com.mm ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများမှတစ်ဆင့် ဝင်ရောက်လာသည့် အိမ်ခြံမြေရောင်းဝယ်ငှား စုံစမ်းမှုများတွင် အငှားစုံစမ်းမှုက ရာခိုင်နှုန်း ၈၀ ကျော်ရှိခဲ့ပြီး အရောင်းအဝယ်အတွက် စုံစမ်းမှုမှာ ရာခိုင်နှုန်း ၂၀ ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျဆင်းခဲ့သည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၇ ခုနှစ်အတွင်း ထူးထူးခြားခြား တိုးတက်မှုမရှိခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အကောင်းဘက်ကိုသာ မျှော်လင့်နေကြပြီး ၂၀၁၈ ခုနှစ် အိမ်ခြံမြေဈေးကွက် အလားအလာနှင့် ပတ်သက်၍မူ အကောင်းမြင် သုံးသပ်မှုများရှိခဲ့သည်။

၂၀၁၇ နှစ်ကုန်ပိုင်းတွင် ကွန်ဒိုမီနီယံ နည်းဥပဒေ ထွက်ပေါ်လာမှု၊ Young Developer Association ကဲ့သို့ အဖွဲ့အစည်းများ သက်ဝင်လှုပ်ရှားလာမှုနှင့် အိမ်ခြံမြေဆိုင်ရာ ဘဏ်ချေးငွေများ တိုးတက်ဖြစ်ထွန်းလာမှုကြောင့်၂၀၁၈ ခုနှစ်တွင်မူ အိမ်ခြံမြေဈေးကွက်မှာ အလားအလာကောင်းများ ရှိနေကြောင်း Maverick Management ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသက်နိုင်ဦးက ဆိုသည်။

Estate Myanmar Real Estate Agency မှ ဒါရိုက်တာ ဒေါက်တာထူးမြတ်နိုင်ကမူ ကွန်ဒိုမီနီယံ နည်းဥပဒေထွက်ရှိကာ အသက်ဝင်လာသော်လည်း ဥပဒေပါ ကွန်ဒိုမီနီယံဆိုသည့် သတ်မှတ်ချက်ဖြင့် တိုင်းတာပါက ရန်ကုန်မြို့တွင် စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) အဖြစ် ရောင်းချနိုင်မည့် အဆောက်အအုံ နည်းပါးသေးသည့်အတွက် အဆိုပါ ဥပဒေ အသက်ဝင်လာသော်လည်း ၂၀၁၈ ခုနှစ်တွင် အကျိုးသက်ရောက်မှု နည်းပါးနိုင်ကြောင်း သုံးသပ်သည်။

“နိုင်ငံခြားသား ဝယ်ယူခွင့်ရတာ ကောင်းပါတယ်။ ဒါပေမဲ့ မြေအကျယ်အဝန်း သတ်မှတ်ချက်၊ မြေ အမျိုးအစား သတ်မှတ်ချက်တွေရှိတော့ ဒီစံသတ်မှတ်ချက်တွေနဲ့ညီတဲ့ စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) အရေအတွက်က ဈေးကွက်ထဲမှာ နည်းနေပါသေးတယ်။ အခု လက်ရှိဆောက်နေတာတွေနဲ့ ထပ်ပြီးဆောက်လုပ်မယ့် ကွန်ဒိုတွေကလည်း အနည်းဆုံး နှစ်နှစ်လောက်ကြာဦးမှာဆိုတော့ ၂၀၁၈ အတွင်း အကျိုးသက်ရောက်မှု နည်းပါဦးမယ်” ဟု ဒါရိုက်တာ ဒေါက်တာ ထူးမြတ်နိုင်က သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent