မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ယခင်က ပမာဏ အများဆုံးဖြစ်သည့် တရုတ်နိုင်ငံကိုကျော်၍ စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်

မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ယခင်က ပမာဏ အများဆုံးဖြစ်သည့် တရုတ်နိုင်ငံကိုကျော်၍ စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်
Published 31 December 2017

နိုင်ငံတကာလုပ်ငန်းရှင်များ စိတ်ဝင်စားမှုများသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းမြင့်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်းနှင့် ယခင်က အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှာ ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ဒုတိယနေရာတွင်သာ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီနှစ်မှာ အများဆုံး ဝင်ရောက်မြှုပ်နှံတဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ အများဆုံး မြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးက တရုတ်နိုင်ငံဖြစ်ပြီးတော့ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရှိပါတယ်။ နယ်သာလန်နိုင်ငံက ဒေါ်လာ ၅၃၃ သန်းနဲ့ တတိယ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံက ဒေါ်လာ ၂၂၃ သန်းနဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံကတော့ ဟောင်ကောင်က ဒေါ်လာ ၂၀၂ ဒသမ ၈၉၉ သန်းအထိ မြှုပ်နှံထားတာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

အဆိုပါ ပမာဏသည် ယခုနှစ်အတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းများ ထည့်သွင်းတွက်ချက်ပါက စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ရှိကြောင်း သိရသည်။

ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှု အနေဖြင့် စက်မှုကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ၊ အိမ်ရာ အဆောက်အအုံကဏ္ဍတွင် ဒေါ်လာ တစ်ဘီလျံကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၇၈၅ သန်းအထိ မြှုပ်နှံထားပြီး အခြားလျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၁၄၀ (ဘီလျံ ၁၄၀) အထိရရှိရန် ရည်မှန်းထားကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

Most Read

Most Recent