MICA ကို ဖျက်သိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပြည်ပကြွေးမြီ ထပ်တိုးလာဦးမယ့် မြန်မာနိုင်ငံ

ရန်ကုန်မြို့ရှိ ဗားကရာဆိပ်ကမ်းကို အမှီပြုပြီး စားဝတ်နေရေး ရုန်းကန်နေရသည့် ဘိလပ်မြေအိပ်ထမ်း အလုပ်သမားများအား တွေ့ရစဉ်

လက်ရှိဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်အဖြစ် ကျပ် ၁၃၅၄ ဘီလျံကျော် တောင်းခံထားရာမှာ ကျပ်ဘီလျံ ၇၀ ကျော်ကိုပဲ ဖြတ်တောက်နိုင်ခဲ့ပြီး ဘတ်ဂျက်လို ငွေမြင့်မားမှု ပြဿနာ၊ ငွေဖောင်းပွမှု ပြဿနာနဲ့  မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ပြဿနာ၊ ကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာတွေကို ဘက်စုံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ဒီရက်သတ္တပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် တပ်မတော်သားဟောင်းတွေ ထိန်းချုပ်ထားတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ MICA ကို ဖျက်သိမ်းဖို့ ကြိုးပမ်းလာမှုနဲ့ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလျံကျော် ရှိနေတဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် ဒေါ်လာသန်း ၅၀၀ ကျော်၊ ယူရို ၂၅ သန်းနဲ့ ဂျပန်ယန်း ၁၂၅ ဘီလျံကျော် ထပ်မံချေးယူဖို့ ကြိုးပမ်းလာမှုတွေကို တင်ပြလိုပါတယ်။

MICA ကို တရားဝင် ဖျက်သိမ်းဖို့ ကြိုးပမ်းလာ

၂၀၁၂ ခုနှစ် သြဂုတ်လမှာ စတင် တည်ထောင်ခဲ့တယ်ဆိုတဲ့ MICA ကို အရင်အစိုးရတွေ လက်ထက်မှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးစတဲ့ တာဝန်တွေကို ရယူခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အပြင် အရင်ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကနေပြီးတော့ ထူထောင်ခဲ့တာဖြစ်တဲ့အပြင် နိုင်ငံပိုင်မြေတွေ၊ စက်ရုံတွေကိုပါ စီးပွားရေး လုပ်ခဲ့တာဖြစ်လို့ အရင်ပြည်ထောင်စုဝန်ကြီးဟောင်းကလည်း MICA ကို တည်ထောင်မှုမှာ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။

MICA အကြောင်းကို လက်ရှိအချိန်အထိ တိတိပပ ပြောနိုင်သူ မရှိပါဘူး။ နိုင်ငံပိုင်မြေတွေ၊ နိုင်ငံပိုင် စက်ရုံတွေကို ဘယ်သူတွေကို ဘယ်လိုအောက်ဈေးနဲ့ ပေးခဲ့တာကို အထောက်အထားမဲ့ ပြောဆိုရမယ့်အပြင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့သလို နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို အကျိုးမပြုဘဲ လူတစ်စုက ခြယ်လှယ်ထားတာကြောင့်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

လွှတ်တော်က သဘောတူတယ်

နိုင်ငံသားတွေအတွက် အကျိုးပြုမှု မရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ MICA ကို တရားဝင်ဖျက်သိမ်းပြီး ခွင့်ပြုမိန့်မရရှိဘဲ သိမ်းဆည်းခဲ့တဲ့ စက်ရုံ၊ လုပ်ငန်း၊ ခြံမြေတွေ၊ ငွေကြေးစီမံခန့်ခွဲထားမှု အခြေအနေတွေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးဖို့ အဆိုကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) က နော်ခရစ္စထွန်း (ခ) ဒေါက်တာအာကာမိုးက ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“MICA အနေနဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနပိုင် ခြံစက်ရုံပေါင်း ၄၈ ရုံ၊ အုတ်စက်ရုံနဲ့ တညင်းကုန်းဈေးမြေဧရိယာ ၆၄ ဒသမ ၅၄ ဧက၊ ငါးလုပ်ငန်းဦးစီးဌာနပိုင် လုပ်ငန်း ၁၇ ခု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင်မြေ ၁၃၄ ဒသမ ၇၃၈ ဧကထဲမှာ အနုပညာဗဟို ဌာနကို ၈ ဒသမ ၄၁ ဧက အပ်နှံပြီး မွေးမြူရေးနဲ့ ဆေးကုသရေးတက္ကသိုလ် ၃၂ ဒသမ ၃၂၁ ဧက ချန်လှပ်ပြီးတဲ့နောက် ကျန်မြေအားလုံး လွှဲပြောင်းယူခဲ့ပါတယ်။ အဲဒီထဲမှာ လုပ်ငန်းများစွာ အကျိုးတူ ပူးပေါင်း လုပ်ကိုင်တာတွေ၊ မြေငှားရမ်းတာတွေကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီအတွက် MICA အနေနဲ့ အကျိုးအမြတ်နဲ့ ငှားရမ်းခ သန်းပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါတယ်” လို့ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အာကာမိုးက ဆိုပါတယ်။

MICA အနေနဲ့ အကျိုးအမြတ်နဲ့ ငှားရမ်းခ သန်းပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်ပေမယ့် နိုင်ငံတော်အတွက်တော့ MICA ဆီကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ခံစားခွင့်မရှိ ဖြစ်နေပါတယ်။

MICA မှာဆိုရင် မြေရှိတယ်။ ငွေရှိတယ်။ လုပ်ပိုင်ခွင့်တွေ ရှိတယ်။ လူတစ်စုက ခြယ်လှယ်ချုပ်ကိုင်ထားတယ်။ ချုပ်ကိုင်ထားသူတွေဟာ ဆိုရင်လည်း ညင်သာစွာ အသွင်ကူးပြောင်းရေး မူဝါဒနဲ့ သွားနေချိန်မှာ အငြိအစွန်းဖြစ်ဖို့ တွန့်ဆုတ်နေနိုင်တဲ့ သြဇာကြီးသူ ဖြစ်တယ်။ ညောင်မြစ်တူးလို့ ပုတ်သင်ဥပေါ်လာရင် ဒီပုတ်သင်ဥတွေက ဘယ်သူတွေကို ထိခိုက်စေမလဲဆိုတာက အမျိုးသားလွှတ်တော်မှာ MICA ကို ဖျက်သိမ်းရေး တရားဝင် ဆွေးနွေးချိန်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြည်ပကြွေးမြီ မြင့်တက်လာမယ့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအတွက် အစိုးရတစ်ရပ် တက်လာတာနဲ့ အရင်ဆုံး လုပ်ကြမှာက ပြည်ပကနေ ငွေချေးဖို့ပါ။ အစိုးရတစ်ရပ် ဆင်းသွားတာနဲ့ ပြည်သူနဲ့ နောက်အစိုးရဟာ ချေးငွေပြန်ဆပ်ဖို့အတွက် လုံးပမ်းကြရတာဖြစ်ပြီး ဒီလိုပြန်ဆပ်ဖို့လည်း အခွန်အခတွေ တိုးကောက်ရတာမို့လို့ ပြည်ပကြွေးမြီလို့ဆိုရင် ပြည်သူဆီကိုပဲ အကြွေးတွေက ခေါင်းစိုက်ပါတယ်။ ချေးသွားတဲ့ အစိုးရက မှန်မှန်ကန်ကန်နဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ပေးသွားလို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အသုံးချတာကြောင့် အခြေခံ အဆောက်အအုံတွေတိုးတက်၊ အလုပ်အကိုင်တွေ ရလာရင် တိုင်းပြည်အတွက် မထောင်းသာလှပေမယ့် ချေးငွေယူပြီး ကိုယ်ကျိုးပဲ သုံးသွားရင်တော့ ပြည်သူတွေပဲ နစ်နာရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ အခြေအနေက ဒေါ်လာ ၉ ဘီလျံကျော်ဖြစ်ပြီး လက်ရှိ အစိုးရသစ် လက်ထက်မှာ ဒေါ်လာ သန်း ၅၀၀ ကျော်၊ ယူရို ၂၅ သန်းနဲ့ ဂျပန်ယန်း ၁၂၅ ဘီလျံကျော် ချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

“ယခင်အစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်အထိ ပြည်ပကြွေးမြီဟာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၃၄ ဘီလျံ ရှိပါတယ်။ ဒါတွေကို ခွဲခြားတင်ပြရမယ်ဆိုရင် ၁၉၈၈ ခုနှစ်မတိုင်မီက ကြွေးမြီများဟာ ၄ ဒသမ ၅၇၅ ဘီလျံ ဖြစ်ပါတယ်။ ၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ကြွေးမြီကတော့ ၂ ဒသမ ၉၈၁ ဘီလျံ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅- ၂၀၁၆ ခုနှစ်အထိ ကြွေးမြီကတော့ ၁ ဒသမ ၉၇၈ ဘီလျံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ယခင်အစိုးရလက်ထက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ယခုအစိုးရ လက်ထက်မှသာ ချေးငွေစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် ချေးငွေများကတော့ ADB ချေးငွေ စီမံကိန်းသုံးခုအတွက် အမေရိကန်ဒေါ်လာ ၂၄၀ သန်း၊  AIF ချေးငွေ စီမံကိန်းတစ်ခုအတွက် ဒေါ်လာ သန်း ၂၀၊ AFD ချေးငွေ စီမံကိန်းတစ်ခုအတွက် ယူရို ၄၀ သန်းတို့ ဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

ဒီလို ကြွေးမြီတွေများနေတဲ့အပြင် ချေးငွေတွေ ထပ်ချေးဦးမယ် ဆိုပေမယ့် မြန်မာနိုင်ငံအတွက် ကံကောင်းနေတာက ကြွေးမြီခံနိုင်ရည်ရှိမှုမှာဆိုရင် အလယ်အလတ် အဆင့် ၀င်ငွေနည်းပါးတဲ့ နိုင်ငံတွေအတွက် စံနှုန်းသတ်မှတ်ချက်မှာ ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ရာခိုင်နှုန်း ၃၀ ထက် မကျော်လွန်သင့်ကြောင်းဖြစ်ပြီး မြန်မာနိုင်ငံကတော့ ယခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၁၄ ဒသမ ၅၆ ရာခိုင်နှုန်းပဲရှိလို့ ကြွေးမြီခံနိုင်ရည်ရှိတဲ့ အခြေအနေမှာတော့ ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်စေ အရင်ချေးယူခဲ့တဲ့ ၉ ဒသမ ၅၃၄ ဘီလျံခန့်နဲ့ ထပ်မံချေးယူမယ့် ပမာဏတွေဖြစ်တဲ့ ဒေါ်လာ သန်း ၅၀၀ ကျော်၊ ယူရို ၂၅ သန်းနဲ့ ဂျပန်ယန်း ၁၂၅ ဘီလျံကျော်ဆိုတဲ့ ပမာဏတွေဟာ မြန်မာ့ကြွေးမြီကို ဒေါ်လာ ၁၂ ဘီလျံနားဆီ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဆိုတာ ငါးနှစ်သက်တမ်းပဲ အာမခံချက် ရှိနေတာကြောင့်မို့လို့ ဒီလိုမြင့်တက်လာခဲ့တဲ့ ချေးငွေတွေကို ပြည်သူ့အတွက် အမှန်တကယ် သုံးစွဲနိုင်မှသာ အစိုးရတစ်ဆက် ဆင်းသွားတိုင်း သူတို့ချေးယူခဲ့တဲ့ ချေးငွေတွေက တိုင်းပြည်အတွက် တိုးတက်ကျန်ခဲ့တဲ့ ပြယုဂ်လို ကျန်ခဲ့မှာဖြစ်ပြီး ချေးငွေတွေက အဂတိတရားအောက်မှာ အဟောသိကံ ဖြစ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံပဲ နစ်နာရမှာလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။  

Writer: 
ဖြိုးဝေ