အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်မှုမှာ ယခင် ကျပ် ၃၆၀၀ သတ်မှတ်စဉ်ကဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းအတိုင်းသာ ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အချိုးကျတိုးပေးရန် အစိုးရတွင် အခက်အခဲကြုံနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်မှုမှာ ယခင် ကျပ် ၃၆၀၀ သတ်မှတ်စဉ်ကဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းအတိုင်းသာ ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အချိုးကျတိုးပေးရန် အစိုးရတွင် အခက်အခဲကြုံနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 31 December 2017

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်မှုမှာ ယခင် ၂၀၁၅ ခုနှစ် ကျပ် ၃၆၀၀ သတ်မှတ်စဉ်က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်း ပမာဏခန့်သာဖြစ်ကြောင်း၊ ပုဂ္ဂလိကဝန်ထမ်းများကို အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်မှုကြောင့် နိုင်ငံ့ဝန်ထမ်းများကို အချိုးကျလစာတိုးပေးရမည့် အခြေအနေ ဖြစ်နေသော်လည်း အစိုးရတွင် ဘတ်ဂျက်လိုငွေများနေခြင်းနှင့် အချိုးကျတိုးပေးရန် အစိုးရတွင် အခက်အခဲကြုံနေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုကို နှစ်နှစ်တစ်ကြိမ်ပြင်ဆင်ရန် သတ်မှတ်ရာတွင် ၂၀၁၅ ခုနှစ်က ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျပ် ၄၈၀၀ သတ်မှတ်ခဲ့ကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိ လုပ်ခလစာ တိုးမြှင့်မှုတွင် အလုပ်ရှင်များဘက်မှ ကျပ် ၄၀၀၀၊ အလုပ်သမားများဘက်မှ ကျပ် ၅၆၀၀ နှင့် အလုပ်သမား အဖွဲ့အစည်းတစ်ခုက ကျပ် ၆၅၀၀ အထိ တင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအနည်းဆုံးအခကြေးငွေမှာ လာအိုနိုင်ငံထက် ပင်နည်းပါးနေသည့် အခြေအနေတွင်  အနည်း ဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ဘက်စုံချိန်ထိုးဆုံးဖြတ်၍ကျပ် ၄၈၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

“ပုဂ္ဂလိကဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆိုရင် ကျွန်တော်တို့ အစိုးရဝန်ထမ်းတွေမှာလည်း အထိအခိုက်ရှိပါလိမ့်မယ်။ ဒါကိုလည်း ကျွန်တော်တို့ အသေးစိတ်စဉ်းစားရပါတယ်။ လက်ရှိအနေအထားမှာ ၃၆၀၀ ပေးတယ်ဆိုရာမှာ ကျွန်တော်တို့ ဝန်ထမ်းတွေက ၄၀၀၀ လောက် ပေးထားတာ ဖြစ်ပါတယ်။ သူတို့ကို တိုးပေးမယ်ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း အချိုးညီစွာ တိုးပေးရပါမယ်။ တိုးပေးဖို့လည်း ကျွန်တော်တို့အစိုးရမှာလည်း လိုငွေပြဘတ်ဂျက် ဖြစ်နေပါတယ်။ တိုးပေးဖို့လည်း အခက်အခဲတွေ ရှိပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လစာတိုးပေးဖို့ မရှိသေးဘူး။ သူတို့ရဲ့ Facility ပဲ တိုးဖို့ရှိပါတယ်လို့ ပြောထားပါတယ်။ ကျွန်တော်တို့အစိုးရမှာ တိုးပေးဖို့ အခက်အခဲတွေရှိနေပေမယ့် ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာ လက်ရှိ ကုန်ဈေးနှုန်း၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ခလစာ၊ ငွေဖောင်းပွမှုနှုန်း၊ နိုင်ငံခြားငွေလဲနှုန်း စသည်ဖြင့် ချိန်ထိုးပြီး စဉ်းစားပါတယ်။  ဥပမာအားဖြင့် လာအိုနိုင်ငံဆိုရင် ကျွန်တော်တို့ အနည်းဆုံးလုပ်ခများသလို အလုပ်ချိန်မှာလည်း တစ်ရက် ရှစ်နာရီတောင် မပြည့်တာ ရှိပါတယ်။ သူ့ရဲ့ရုံးပိတ်ရက်တွေကလည်း နည်းပါးတာ သဘောပေါက်ပါတယ်။ သတ်မှတ်တဲ့ အနေအထားလေးက ဘာလဲဆိုရင် မူလသတ်မှတ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံခြားငွေလဲနှုန်းမှာ နှစ်ဒေါ်လာဝန်းကျင် ရှိနေပြီးတော့ အဲဒီအချိန်မှာ သူများတွေက သုံးဒေါ်လာလောက် ဖြစ်နေပါတယ်။ အစစအရာရာ ချိန်ထိုးပြီးတော့ ကျွန်တော်တို့ သတ်မှတ်ရာမှာ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံခြားငွေလဲနှုန်းက တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ဝန်းကျင်ပဲရှိပြီး လက်ရှိကာလမှာ ကျပ် ၁၃၅၀ ဝန်းကျင်ပါ။ လက်ရှိ ၄၈၀၀ ကို ကျွန်တော်တို့ က ပြန်တွက်တဲ့အခါကျတော့ နိုင်ငံခြားငွေလဲနှုန်း များလာတဲ့အတိုင်းပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိ အနည်းဆုံးအခကြေးငွေကို ကျပ် ၄၀၀၀ မှ ကျပ် ၄၈၀၀ အကြား သတ်မှတ်ရန်တင်ပြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခု၊ ကျပ် ၄၈၀၀ သတ်မှတ်ရန် တောင်းဆိုသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုနှင့် ကျပ် ၄၈၀၀ နှင့် ကျပ် ၅၂၀၀ အကြား သတ်မှတ်ရန်အဆိုပြုသည့် တိုင်းဒေသကြီးတစ်ခုနှင့် မန္တလေးတိုင်းဒေသကြီးမှာ ကျပ် ၄၃၀၀ မှ ကျပ် ၆၃၀၀ အကြားသတ်မှတ်ရန် တင်ပြခဲ့ကြောင်း၊ လက်ရှိ ကျပ် ၄၈၀၀ သတ် မှတ်မှုကို ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ပြီး ကန့်ကွက်မှုများကို အလေးထားစဉ်းစားပေးမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ဆိုသည်။

“ရက်ပေါင်း ၆၀ အတွင်းမှာ ကန့်ကွက်မှုမရှိရင် အစိုးရအဖွဲ့ကို တင်ပြပြီးတော့ အတည်ပြုသွားမယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အလုပ်ရှင်များက အဆိုပါ ကျပ် ၄၈၀၀ ကို များသည်ဟု ယူဆနေသကဲ့သို့ အလုပ်သမားများမှာလည်း နည်းသည်ဟု ထင်မြင်နေသည်။ အလုပ်ရှင်များအနေဖြင့် များသည်ဟု ထင်မြင်နေသော်လည်း လက်ရှိ အာဆီယံတွင် အနည်းဆုံးလုပ်အားခသတ်မှတ်မှုများတွင် မြန်မာနိုင်ငံမှာ အနည်းဆုံး၌ပင်ရှိနေပြီး လက်ရှိတိုးမြှင့်သည့် ပမာဏမှာပင် ၃ ဒသမ ၅၃ ဒေါ်လာခန့်သာရှိနေရာ လာအိုနိုင်ငံမှာ တစ်ရက်လုပ်ခလစာ ၃ ဒသမ ၆၈ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၄ ဒသမ ၆၇ ဒေါ်လာ၊ အင်ဒို နီးရှားနိုင်ငံမှာ ၃ ဒသမ ၃၃ ဒေါ်လာနှင့် ၈ ဒသမ ၃၅ ဒေါ်လာအကြား၊ ဗီယက်နမ်နိုင်ငံ မှာ ၄ ဒသမ ၉၂ ဒေါ်လာမှ ၅ ဒသမ ၅၅ ဒေါ်လာအကြား၊  မလေးရှားနိုင်ငံမှာ ၇ ဒသမ ၂၇  ဒေါ်လာမှ ၇ ဒသမ ၉၀ ဒေါ်လာအကြား ရှိနေကြောင်း ILO ၏ စာရင်းများအရ သိရသည်။

Most Read

Most Recent