မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ်ဇူလိုင်လအထိ ယာဉ်တိုက်မှု ၁၉၇ မှုဖြစ်ပွားပြီး သေဆုံးသူ ၁၁၀ နှင့် ဒဏ်ရာရသူ ၂၁၃ ဦးရှိခဲ့

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ်ဇူလိုင်လအထိ ယာဉ်တိုက်မှု ၁၉၇ မှုဖြစ်ပွားပြီး သေဆုံးသူ ၁၁၀ နှင့် ဒဏ်ရာရသူ ၂၁၃ ဦးရှိခဲ့
Published 8 August 2017

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ်ခုနစ်လအတွင်း ယာဉ်တိုက်မှု ၁၉၇ မှုကြောင့် သေဆုံးသူ ၁၁၀ နှင့် ဒဏ်ရာရသူ ၂၁၃ ဦးရှိခဲ့ကြောင်းသိရပြီး ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်တိုက်မှုထက် ဆိုင်ကယ်ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်နေကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး)က သတင်းရရှိသည်။

ယာဉ်တိုက်မှုများမှာ ဆိုင်ကယ်ချင်းတိုက်မှု ၃၅ မှု၊ သေဆုံး ၂၁ ဦး၊ ဒဏ်ရာရသူ ၃၄ ဦး၊ ဆိုင်ကယ်နှင့် ယာဉ်တိုက်မှု ၇၇ မှု၊ သေဆုံး ၄၀၊ ဒဏ်ရာ ၉၂ ဦး၊ ဆိုင်ကယ်တိမ်းမှောက်မှု ၁၀ မှု၊ သေဆုံးခုနစ်ဦး၊ ဒဏ်ရာငါးဦး၊ ဆိုင်ကယ်မှ အခြားတိုက်မှု ခြောက်မှု၊ သေဆုံးခြောက်ဦး၊ ဆိုင်ကယ်မှလူတိုက်မှု ၁၂ မှု၊ သေဆုံး ၁၀ ဦး၊ ဒဏ်ရာသုံးဦး၊ ဆိုင်ကယ်နှင့် စက်ဘီးတိုက်မှု နှစ်မှု၊ သေဆုံးတစ်ဦး၊ ဒဏ်ရာတစ်ဦးရှိခဲ့ပြီး ကားပါဝင်သော ယာဉ်တိုက်မှုသည် ၅၅ မှု၊ သေဆုံး ၂၅ ဦး၊ ဒဏ်ရာရရှိသူ ၇၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ၁၉၇ မှုတွင် မဆင်မခြင်မောင်းနှင်မှု ၁၄၁ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၃၃ မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၀ မှု၊ မူးယစ်မောင်းနှင်မှု ၁၁ မှု၊ ခရီးသည်ပေါ့ဆမှု နှစ်မှုဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် အများဆုံးအချိန်မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း အများဆုံးဖြစ်ပြီး နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီသည် ဒုတိယအများဆုံးဖြစ်နေကြောင်း နှိုင်းယှဉ်ချက်များအရ သိရသည်။

“တချို့မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေက ညပိုင်းတွေဆိုရင် အရမ်းမောင်းကြတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းကြတယ်။ မိန်းလမ်းမကြီးဖြစ်တဲ့ ၈၄ လမ်းဆိုရင် လိုင်းကားတွေ၊ ဆိုင်ကယ်သမားတွေက အရမ်းမောင်းကြတာကြောင့် အရမ်းသတိထား မောင်းရတယ်။ ၇၃ လမ်းဆိုရင် မန္တလေးတက္ကသိုလ်လည်းရှိ အဆောင်တွေ၊ ဈေးဆိုင်တွေလည်းရှိတယ်။ လူငယ်အများစု စုဝေးတဲ့နေရာဖြစ်တယ်။ တချို့လူငယ်တွေက ဆိုင်ကယ်တွေကို အရှိန်လွန်စည်ကမ်းမဲ့မောင်းနေကြတာနဲ့ ဆိုင်ကယ်ဦးထုပ်ကို မဆောင်းကြဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုစည်းကမ်းမဲ့ မောင်းနှင်မှုတွေကို ပညာပေးတွေ၊ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ပေးစေချင်ပါတယ်” ဟု မြို့ခံကျောင်းဆရာ ဦးမြင့်ဆွေက ပြောကြားသည်။

မန္တလေးမြို့တွင်း အချက်အချာကျသည့် လမ်းဆုံများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးများဦးစီးကာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ၊ စည်ပင်ရဲတပ်ဖွဲ့၊ စည်ပင်အခွန်ဌာနမှ ဝန်ထမ်းများနှင့် နယ်မြေခံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ပါဝင်သည့် ပူးပေါင်းနေ့ပိုင်းစစ်ဆေးရေး အဖွဲ့ခုနစ်ဖွဲ့ဖြင့် နေ့ပိုင်းစည်းကမ်းပျက်ယာဉ်များ ပညာပေးခြင်းများ၊ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတိယ တပ်ဖွဲ့ခွဲ (မန္တလေး) မှသိရသည်။

အရက်သေစာ သောက်စားမူးယစ်ကာ မော်တော်ယာဉ်များ မောင်းနှင်ခြင်းမရှိရေးအတွက် မြို့တွင်းလမ်းများ၊ အဝေးပြေးလမ်းနှင့် အမြန်လမ်းများတွင် Alcohol Tester ဖြင့်စစ်ဆေးခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်စီးနင်းစေရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

Writer - သက်ထွန်းအောင်

Most Read

Most Recent