ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၈၀ အနက် ၇၁ ဦး စစ်ဆေးပြီးစီး၍ ကိုးဦး ကျန်ရှိ

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၈၀ အနက် ၇၁ ဦး စစ်ဆေးပြီးစီး၍ ကိုးဦး ကျန်ရှိ
Published 31 December 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လူသတ်မှုအမှုတွဲတွင် တရားရုံးသို့ တင်ပြထားသည့် တရားလိုအပါအဝင် တရားလိုပြသက်သေ ၈၀ အနက် ၇၁ ဦး စစ်ဆေးပြီးစီးသဖြင့် စစ်ဆေးရန် ကိုးဦးသာ ကျန်တော့ကြောင်း သိရသည်။

“၇၁ ဦးအထိ စစ်ဆေးပြီးသွားပြီဆိုတော့ ကိုးဦးပဲ ကျန်ပါတယ်” ဟု တရားလိုဘက်မှ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောကြားသည်။

အဆိုပါအမှုမှာ ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားခဲ့သဖြင့် ယခုလနှင့်ဆိုပါက ၁၁ လအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ဆေးမှု ကာလအားဖြင့် မတ်လအတွင်းမှ စတင်စစ်ဆေးခဲ့သောကြောင့် ၁၀ လအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမှုကို အပတ်စဉ် သောကြာနေ့တိုင်း ရုံးချိန်းပေးထားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် အထူးခုံရုံးဖွဲ့ကာ တရားသူကြီးသုံးဦးဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လာမည့် သောကြာနေ့ကိုတော့ ရုံးချိန်းချိန်းမထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သေတွေလည်း ခေါ်ရခက်မယ်။ ခေါ်ရခက်မယ်ဆိုတာ ၄ ရက်နေ့ကလည်း ပိတ်ရက် (လွတ်လပ်ရေးနေ့)။ ခရီးသွားကြ၊ လာကြဆိုတော့။ နောက်ပြီး ရပ်ဝေးသက်သေတွေ၊ ဘာတွေရှိမယ်ဆိုတော့ ၅ ရက်နေ့ (သောကြာ) နေ့မှာ လာဖို့၊ သွားဖို့ခက်မယ်ထင်တဲ့အတွက်။ သက်သေစီစဉ်ဖို့ အခက်အခဲရှိနိုင်တဲ့ အကြောင်းကြောင့် ၅ ရက်နေ့ကို မချိန်းပါဘူး။ တစ်ပတ်ကျော်ပြီး ၁၂ ရက်နေ့ကို ချိန်းပါတယ်” ဟု တရားလိုဘက်မှရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ဆက်လက်ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ငါးဦးကို မြောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/ ၃၄/ ၂၁၂ တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် တရားလိုပြသက်သေ ၈၀ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/ ၂၀၁၇၊ လက်နက် ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် သက်သေ ၁၀ ဦးကျော် တင်ပြထားကြောင်း သိရသည်။

ဦးကိုနီအား သေနတ်ဖြင့်အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့် သြဂုတ် ၃၀ ရက်က ထောင်ဒဏ်တစ်နှစ်ချမှတ်ထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါအမှုတွင် တရားစွဲခံထားရသည့် ဇေယျာဖြိုးကိုလည်း ဗဟန်းမြို့နယ်နှင့် တာမွေမြို့နယ်တရားရုံးတို့တွင် လဝကမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

တရားစွဲခံထားရသူ ငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်၏ ရာဇဝတ် အထွေထွေအမှုအမှတ် ၂၀/ ၂၀၁၇ တရားခံပြေးအမှုနှင့် ပတ်သက်၍ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီကျော် တွင် စစ်ဆေးမှုပြီးဆုံးခဲ့ပြီး တရားရုံးစစ်ဆေးချက်များအရ လတ်တလောတွင် အောင်ဝင်းခိုင်အား ဖမ်းဆီးရမိနိုင်ခြေမရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

Most Read

Most Recent