အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ သည် အခြေခံအလုပ်သမား တစ်ယောက်၏ တစ်နေ့တာ ကုန်ကျစရိတ်ကို လုံလောက်စေမည် မဟုတ်သဖြင့် ကန့်ကွက်ကြောင်း (MICS-TUsF) ထုတ်ပြန်

အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ သည် အခြေခံအလုပ်သမား တစ်ယောက်၏ တစ်နေ့တာ ကုန်ကျစရိတ်ကို လုံလောက်စေမည် မဟုတ်သဖြင့် ကန့်ကွက်ကြောင်း (MICS-TUsF) ထုတ်ပြန်
Published 31 December 2017

အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၅၆၀၀ ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၄၈၀၀ သည် အခြေခံအလုပ်သမား တစ်ယောက်၏ တစ်ရက်တာ ကုန်ကျစရိတ်ကို လုံလောက်စေမည် မဟုတ်သဖြင့် ယင်းနှုန်းထားအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများသည် နည်းပါးသော လုပ်ခလစာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရပြီး ယခုသတ်မှတ်သော ကျပ် ၄၈၀၀ သည် အခြေခံအလုပ်သမားများအတွက် လုံလောက်မှု မရှိသော နှုန်းထားဖြစ်ပြီး ကောက်ယူရရှိသော ကုန်ကျစရိတ် စစ်တမ်းများအရ အခြေခံအလုပ်သမား တစ်ယောက်၏ တစ်ရက်တာ ကုန်ကျစရိတ်ကိုပင် လုံလောက်စေမည် မဟုတ်သဖြင့် အဆိုပါနှုန်းထားကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေ အခန်း(၅) ပုဒ်မ (၁၉) အရ အလုပ်သမားငါးဦးအထက် လုပ်ငန်းများ အကျုံးဝင်သည်ဟု အတိအကျပြဋ္ဌာန်းထားသော်လည်း အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးမှ အလုပ်သမား ၁၀ ဦးအထက် အကျုံးဝင်ကြောင်း ဆုံးဖြတ်သည်ဟု သိရှိရသဖြင့် ဥပဒေနှင့်အညီ မလုပ်ဆောင်သော အမျိုးသားကော်မတီအား ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေ ပုဒ်မ (၃၇) အရ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) သည် စတုတ္ထအကြိမ် အမျိုးသားကော်မတီ ဆုံးဖြတ်ချက်များအား အပြင်းအထန် ကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“အမျိုးသားကော်မတီက ၄၈၀၀ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အနည်းဆုံး လုပ်ခလစာသည် တစ်ရက်ကို ၅၆၀၀ လောက်ရမှ အလုပ်သမားတွေရဲ့ တစ်ရက်တာ ကုန်ကျစရိတ်ကိုပြေလည်စေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသားကော်မတီက ထုတ်ပြန်လိုက်တဲ့ ၄၈၀၀ နှုန်းထားကို ကန့်ကွက်တာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထားမှာ တစ်ရက်လျှင် ကျပ် ၄၈၀၀ ဖြစ်ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများတွင် အကျုံးဝင်သည်ဟု သတ်မှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်လိုပါက ရက်ပေါင်း ၆၀ အတွင်း အမျိုးသားကော်မတီသို့ ကန့်ကွက်လွှာပေးပို့နိုင်ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ ပြန်လည်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးသည့် ကာလအတွင်းကလည်း အလုပ်သမားအစုအဖွဲ့များကလည်း အနည်းဆုံး လုပ်ခလစာ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent